Wednesday, September 8, 2010

ကြိုးညှိခြင်း

ကြိုးညှိခြင်း
.by Kaung Kin Ko on Tuesday, August 10, 2010 at 9:35p

တံလျှပ်တွေထဲမှာ ယုံကြည်ချက်နဲ့
ငါးမျှားခဲ့တဲ့သူ ဖြစ်ဖူးတယ်။
‘အဖြေ’တွေချည်း ‘လှေနံဓားထစ်’ရှိတဲ့ အရာတွေမှာ
‘မေးခွန်း’တွေသာ လိုက်ရှာမိခဲ့။

ပိဋကတ်သုံးပုံထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
သမ္မာကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ဘတ်ဂဗတ်ဂီတာ ထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ကိုရန် ကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။

ငါ့ ရင် ဘယ်ဘက်အခန်းထဲမှာတော့
ဘုရားတဆူ သီတင်းသုံးနေတဲ့
စစ်ဌာန တခုလား?
စစ်ဘုရင်တပါး သိမ်းပိုက်သွားတဲ့
စေတီပျက်တဆူလား?
ထင်ထင်ရှားရှားရှိနေသလိုလို
ဝေဝေဝါးဝါးသိနေတယ်။

သူငယ်ချင်း…
ဒီည…ငါ…တရားမနာတော့ဘူး၊
ကိုယ့်ရင်ခုန်သံကိုယ် ပြန်နာရဦးမယ်။

ကောင်းကင်ကို

Monday, September 6, 2010

ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး

ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး - .... ခရစ်နှစ် ၂၀၀၁ ခုနှစ်ကနေ၂၀၀၄ အထိ သုံးနှစ်ကျော် အချိန်ယူပြီး ရေးခဲ့ရတဲ့ ကဗျာ.by Wei Hmu Thwin on Monday, September 6, 2010 at 4:16pm.
ဝေမှူးသွင်

။ ၁ ။
နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေး ကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်းမတစ်ယောက်နဲ့
လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့....
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။

။ ၂ ။
ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ပညာရှိကြီးများခင်ဗျား...
ဂျင်းရှပ်ကို သိပါသလား။
ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား။
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။
တတိယ ကမ္ဘာ
တတိယ လှိုင်း
တတိယ လိင်
အိုး...ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။
ဒီနေ့ရဲ့ကောက်ကွေ့တဲ့ မြစ်ကမ်းဘေး
ငါ ထိုင်ငေးနေမိတယ်။
အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့....
အခု လူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့....
တူတာတစ်ခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်။

ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။


။ ၃ ။
ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေ တဲ့
မောင်ချောနွယ် တဲ့
ခင်ဝမ်း တဲ့
တင်မိုး တဲ့
ဖော်ဝေး တဲ့
မင်းကိုနိုင် တဲ့
ထူးအိမ်သင် တဲ့
လှသန်း တဲ့
ရွှေဘုန်းလူ တဲ့
မိုးသီးဇွန် တဲ့
ပိုင်သ တဲ့....။

ရက်စက်သော နှလုံးသားတွေနဲ့၊
စစ်ဖိနပ်သံများနဲ့၊
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။

စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။
ချာတိတ်တွေ
ချဲထီရောင်းသူရောင်း
ဘောလုံးပွဲ လောင်းသူလောင်း၊
သံဃာတော် တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့။

ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဘာကြီးကို အမဲလိုက်.လိုက်
ဖြစ်တည်မှု ပဓာန၀ါဒကို အရသာခံလိုက်....
ခေတ်ကြီးကလည်း
အပြောင်းအလဲ မြန်လွန်းတယ်။
မနေ့တုန်းက ၀န်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
(၂၆)နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။

မျက်စိတစ်မှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ။

။ ၄ ။
သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်။
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး။
ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်။
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်။
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်။

သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာတွေအတွက်
ကျောင်းသား သမဂ္ဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။

ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်။
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်။
ငါတို့ကရော
ဘာတွေကို ဘယ်လိုထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။

။ ၅ ။
ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့၊
ရုရှားဘာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့၊
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွဲရမယ် တဲ့။
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ။

ရန်ကုန်ဟာ ဘဂ္ဂဒက်လို
အဆောက်အအုံတွေ မပျက်စီးတာကလွဲရင်
ကျန်တဲ့ ပျက်စီး မှုမှာ
ဘယ်သူမှ လိုက်မမီတော့ဘူး။

အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးတစ်ယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ။



။ ၆ ။

နိုင်ငံတကာ အရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓါတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ....
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်းလား။

ဟိုး အဝေးကြီးဆီမှာ
အမြင့်ပျံငှက်တစ်ကောင်၊
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတစ်ခု၊
သွေးဆာနေသော ဓားမြှောင်တစ်ချောင်း၊
သေနတ်ပြောင်းတွေကို

မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံး ကြက်ခြေခတ်ထားသူတစ်ယောက်...
သူ့မှာ စိတ်ဓါတ်ကလွဲလို့
ကျန်တာ ဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး။
ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့။

။ ၇ ။
ရန်လိုနေသော အနုပညာနဲ့
ဘုရားသခင်နဲ့ ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့
အာခေါင်ကို မီးမြှိက်ထားသော ကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါ ပြဋ္ဌာန်းရမယ်။
လရောင်မှာပွင့်တဲ့ ပန်းတွေလား။
ဆူးချုံကြားက နေ့စွဲတွေလား

နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်နှိပ်ဝတ်ဆင်ကြပါစေ။


။ ၈ ။
ထူးဆန်းသော လိပ်ပြာတစ်ကောင်
အနက်ရောင်သွေးစက်များ
အစဉ်အလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပါပြီ။
ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ....မှ
တစ်နေ့တော့ ဖြစ်လာမှာပါ....အထိ
ငါက တင်ဆက်နေမိတယ်။

ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါ ပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကို နဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီကိုးကစ်မင်းရဲ့ လိင်ဆန္ဒအတွက်
တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။
ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဘာမြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။
အပျော်တမ်း ဖဲကစားဖို့....
အပျော်တမ်းငရဲသွားဖို့.....
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့ .....။

။ ၉ ။
အလို - ဟိုမှာ
ဘုရားခေတ်က
ကလေးတစ်ယောက်လို မျက်လုံးနဲ့
သူတို့ငါ့ကို ချောင်းကြည့်နေကြလေပြီ။ ။

ဝေမှူးသွင်

(ဒီကဗျာကို လက်ျာသုဒ္ဒရ နာမည်နဲ့ ၂၀၀၄ခုနှစ်တုန်းက ကဗျာဆရာတွေဖြစ်တဲ့ လှသန်း၊ ၀င်းမြင့်၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ နှင်းဝတ်ရည်သောင်းတို့ လေးယောက်ကို လက်ဆောင်ပေးဖူးကြောင်း ကျွန်တော့်ဒိုင်ယာရီထဲမှာ မှတ်တမ်းရှိတယ်။)

Saturday, September 4, 2010

တဘ၀ သို့မဟုတ် တခဏ

မောင်ပြုပြင် (ကျုံပျော်)

မျက်လုံးတွေက
စူးစူးရှရှ၊ တောက်ပလက်လက်။

မေးရိုးတွေက
ထောင်ထတင်းတင်း
သွားခြင်းထိကပ်။

လက်ချောင်းများ
အားအင်ရှိသမျှ
ညှစ်ချယူသွား
ဆုတ်ထားကျစ်ကျစ်။

မျက်နှာအောက်သိုး
ရှစ်ခေါက်ချိုးနှင့်
ဆိုးဆိုးဝါးဝါး မျက်နှာများ။

ငြိမ်သက်တိတ်ဆိတ်
မမှိတ်မသုန်
အာရုံစူးစိုက်၊ ရပ်နေလိုက်ကြ။

ကျီးပြိုသံ
တော်လဲသံ
ဆူညံပွက်ထ
တခဏတွင်။ ။

မောင်ပြုပြင် (ကျုံပျော်)

Thursday, August 12, 2010

ခေတ်ရှို့မီးများ

ခပ်ဝေးဝေးဆီက
လင်းခနဲ လက်သွားတဲ့ အရာ
သူ့ကို ငါမေးကြည့်တယ်

“ခင်ဗျားသွားတွေ
ဘာကြောင့် သည်လောက်ဖြူနေသလဲ
အိုဘားမား”
ဟော ကြည့်
သူ လှစ်ခနဲ ပြုံးလိုက်ပုံက
သွားတိုက်ဆေးတွေ ပရိုမိုးရှင်းဝင်ချင်စရာ
ဟေ့... ဟေ့... ခဏ
ပထမဆုံး
လူမည်း အမေရိကန်သမ္မတ အနေနဲ့
ဘာပြောချင်သလဲ
“အသားအရောင် ခွဲခြားမှုအကြောင်းလား
အော်ပရာ့ကို လှမ်းမေးလိုက်ပေါ့”
လျှပ်ပြက်သလို သူ
ရုတ်ခြည်း ကွယ်ပျောက်သွားတယ်။

အဖြူ အမည်း ကာလာနှစ်ခုကြားမှာ
ဗမာတွေက နနွင်းရောင်ခြယ်ထားတယ်
နေ၀င်ခါနီး ဆည်းဆာလိုပေါ့
ပုစွန်ဆီရောင် လိမ်းကျံထားခဲ့
တစ်နေ့တုန်းဆီက ဗမာ့စာမျက်နှာပေါ်
ခေတ်ရေစီးကြောင်း ဖြတ်ပြေးခဲ့သတဲ့
လှစ်ခနဲ မကြည့်မိပါစေနဲ့
နွေလယ်မှာ မိုးကြိုးပစ်ချတာထက် ဆိုးရွားတယ်
“သမီးက
ဗမာလူမျိုးလေ... ဟင်းဟင်း...”
ကျောပြင်မှာ
လေယာဉ်ကွင်းဆောက်နေကြတာ
ဗမာတဲ့လား
အင်းလေ...
ဓလေ့ဟာ တိုင်းရင်းသားကျေးရွာမှာရှိပြီး
ရိုးရာဟာ ယဉ်ကျေးမှုတက္ကသိုလ်ရဲ့
ပန်းပုရုပ်တွေဆီမှာ ကျန်နေသေးတယ်
ဖော်ရိန်နာ တစ်ယောက်ယောက်ကို
လမ်းညွှန်ပေးလိုက်ကြပါ။

လီယိုနာဒိုဒါဗင်ချီရေ
ရှင် ဆွဲခဲ့ဖူးတဲ့
မိုနာလီဇာ အပြုံးဟာ
အစစ်လား၊ အတုလား
ခနဲ့ပြုံးလား၊ အီပြုံးလား
“.............”
ကွန်နက်ရှင်
ပြတ်တောက်သွားတော့
သံယောဇဉ် ဖြတ်ပစ်လိုက်ရတယ်
အင်းလေ...
အပြုံးမှာ
ဒက်ဖနေးရှင်းမှ မလိုပဲ
လုပ်ပြုံးမဖြစ်ဖို့သာ အာရုံစိုက်ပေါ့
မြန်မာပြည်မှာလည်း
အပြုံးစစ်တွေ ကျန်ပါသေးရဲ့
နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်က
ကိုရင်လေးတွေဆီမှာလေ။

ပျံသန်းဆဲ ငှက်တစ်ကောင်ကို
မေးဖူးတယ်
အနုပညာ လက်ဦးဆရာ
ဘယ်သူလဲပေါ့
“ဆရာ မလိုဘူးဗျ၊ ရင်ဘတ်ရှိရင် ရပြီ” တဲ့။
ဟေ့...
အရင်က ဘတ်ထားတဲ့ ငွေကိုပြောတာလား
သူ့နှုတ်ခမ်းတွေ ကောင်းချီးပေးသွားတယ်
မကြားလိုက်မိတာတော့ နာသား။
အင်း...
အနုပညာဆိုတာ အခကြေးငွေပေးရတဲ့
KTV လည်း မဟုတ်ဘူး
တစ်ခါသွားရုံနဲ့ စိတ်ကို ရေချိုးပေးမယ့်
Massage ခန်းလည်း မဟုတ်ဘူး
ကိုယ်သိမ်းထားတဲ့ ဖလင်ကို
ပုံမပျက်စေဘဲ သည်တိုင်းဆွဲထုတ်ပြလိုက်
Photoshop မလုပ်ဖို့တော့ လိုတာပေါ့လေ
စတိုခန်းကိုလည်း ခြမစား သင့်ဘူးပေါ့
သိပ်ပြည့်ဝ တတ်လွန်းရင်
အနုပညာတွေ သိုးနံ့ ထွက်ကုန်လိမ့်မယ်။

ရာဇ၀င်မှာ
အပြုံးစစ်တွေ ရှိခဲ့
ရိုးရာဓလေ့တွေ ကခုန်လို့
ယဉ်ကျေးမှုတွေ စီးဆင်း
သုခုမသဘင် မီးတောက်ခဲ့တယ်
ခေတ်မီတာ ရာဇ၀င်နဲ့ အံဝင် ခွင်ကျဖို့ထိ
မလိုပါဘူး
လက်နဲ့ရေးတာ ခြေနဲ့ မဖျက်ဖို့တော့
လိုတာပေါ့
အမွေအနှစ်ဟာ
ပြတိုက်ထဲက ပစ္စည်းဆိုရင်
ခိုးယူ သွားနိုင်သေးတယ်
မြန်မာ့ အမွေအနှစ်ဟာ
ဗမာတွေဆီမှာ
ရောင်ပြန်ဟပ် နေသင့်သေးတာပေါ့။

ခေတ်ဆိုတာ ရေစီးသန်တဲ့ မြစ်ပါ
သိပ်ပြေးလွန်းရင် ၀ဲထဲ နစ်တတ်တယ်
တန့်နေရင်လည်း မြုပ်သွားလိမ့်မယ်
ကဏန်းလို ဘေးတိုက်မသွားဖို့တော့
လိုတာပေါ့
အတောင်ဖြတ် ခံထားရလို့
ကောင်းကင်ကို မုန်းတီးနေမယ့်အစား
ကိုယ်ပိုင်တဲ့ မြေကြီးပေါ်
ခုန်ဆွ ခုန်ဆွ သွားကြည့်ပါ။

ခြေထောက်တွေ ပိုင်ဆိုင်နေသေးတာ
အားတစ်ခုပဲ မဟုတ်လားလေ။



လင်းစက်နွယ်

Sunday, May 2, 2010

”နာဂစ်အလွန် နှစ်ဘူတာ”

ဆောင်းယွန်းလ

နာဂစ်ချန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေအောက်မှာ
ဘဝတွေကို လင်းလက်ပေးစေမယ့် နေရောင်က
တစက်ကလေးမှတောင် မထွက်ခဲ့သေးဘူးတဲ့...

နာဂစ်လေ..
လွန်ခဲ့တဲ့နှစ်နှစ်က တလဟောဝင်ပစ်သွားတဲ့
နာဂစ်ကျည်ဆံတွေရဲ့အောက်မှာ
မိဘပျောက်သားသမီးတွေသာ ကျန်ရစ်ခဲ့ပြီး
သားသမီးပျောက်မိဘတွေလည်း ကျန်ရစ်ခဲ့တယ်...

နာဂစ်ဟာ..
ကျောင်းဆရာမရှိတဲ့ စာသင်ခန်းကိုထားခဲ့ပြီး
စာသင်ခန်းမရှိတဲ့ ကျောင်းဆရာကိုထားရစ်ခဲ့တယ်....

လူမရှိတော့တဲ့ တဲပျက်အိမ်ပြိုတွေကိုထားခဲ့ပြီး
အိမ်မရှိတော့တဲ့ လူတွေကိုလည်းထားရစ်ခဲ့တယ်...

သစ်ပင်မရှိတော့တဲ့ လမ်းပြိုလမ်းပျက်တွေကိုချန်ခဲ့ပြီး
လမ်းမရှိတော့တဲ့ သစ်ပင်အပြိုတွေကိုလည်းချန်ရစ်ခဲ့တယ်...

ငါးတွေမရှိတော့တဲ့ မြစ်အသေကိုစီးဆင်းစေခဲ့ပြီး
မြစ်မရှိတော့တဲ့ ငါးအသေတွေကိုလည်းစီးဆင်းစေခဲ့တယ်...

လယ်ယာမရှိတော့တဲ့ တောရွာတွေကိုစိုက်ပျိုးထားခဲ့ပြီး
တောရွာပျောက်သွားတဲ့ လယ်ယာတွေကိုလည်းစိုက်ပျိုးထားခဲ့တယ်...

ကျွဲနွားမရှိတော့တဲ့ လယ်ကွင်းတွေကိုထွန်ယက်ထားခဲ့ပြီး
လယ်ကွင်းမရှိတော့တဲ့ ကျွဲနွားတွေကိုမွေးမြူပေးသွားခဲ့တယ်...

တရားမရှိတဲ့ အခြေခံဥပဒေသစ်ကိုရေးဆွဲပေးရစ်ခဲ့ပြီး
ဥပဒေမရှိတဲ့တရားကို သူ့ရဲ့မွေးစားသားအဖြစ်ထားရစ်ခဲ့တယ်...

နာဂစ်အလွန် နှစ်ဘူတာမှာတော့
လူညာတွေစုရုံး တိုင်းပြည်ကို ဂတုံးတုံးနေကြတယ်...

ဆောင်းယွန်းလ

Saturday, March 20, 2010

ငြိမ်သက်ခြင်းအတူတူ

မောင်ပြုပြင် (ကျုံပျော်)

တစ်ပင်ထဲ
အမြင်ကွဲ
အဆင်လဲမတူ
စိမ်းသူကစိမ်းနုရွက်
နေရာကွက်၊ ဝါရွက်တချို့
ရင်ထဲဆို့မိ၊ ခံစားသိလာ
ကြာခဲ့ပါပြီ၊ ရာဇဝင်ဇာတ်လမ်း
သိပ်ကိုဆန်းတယ်၊ ဇြတ်သန်းရှည်ကြာ
ရင်ထဲမှာ.....................
ရင်ထဲမှာ.....................
သုညဟာ သုည
ယခုမှပဲ
ကွဲပြားခြင်းတွေသိလာတယ်။

စိမ်းနုရွက်တွေ
ဝေနေပါစေ။
ဝါရွက်တွေ
ကြွေနေပါစေ။
တစ်နေရာမှာအဆုံးသတ်
မြင့်မြတ်ခြင်းတရား
ခင်ဗျားနားလည်
ကျုပ်နားလည်နေ
လူတွေလူတွေ၊ မြေကမ္ဘာရဲ့ရင်ခွင်
ခိုဝင်လျောင်းစက်
ငြိမ်သက်ခြင်းက အတူတူ။ ။

မောင်ပြုပြင် (ကျုံပျော်)
၂၁။၀၃။၂၀၁၀ ကဗျာဆရာများနေ့အတွက် အမှတ်တရ

Tuesday, March 9, 2010

ဗိုလ်အောင်ဒင်လို ရယ်လိုက်ချင်တယ်

မောင်ပြုပြင် (ကျုံပျော်)

တာယာကြိုးပြတ်
ခုံဖိနပ်တစ်ရံ။
ခုံဖိနပ်ရဲ့ဘဝ။
'သရက်သား' က၊ စခဲ့တယ်။

ကြိုးပြတ်တဲ့
ခုံဖိနပ်ရဲ့ဘဝ
ပြန်လှပစွာ
ကတ္တီပါကြိုးတပ်
ခုံဖိနပ်...........
'ခွပ်' ဆိုတဲ့ အသံပျောက်မလား။

ဒီသဘော
တွေးတောကြည့်ပါ
ရယ်စရာတွေ
ဖြစ်နေသလိုပဲ။ ။

မောင်ပြုပြင် (ကျုံပျော်)
စစ်အာဏာရှင်များမှ ပိတ်ပင်ခံရသောကဗျာကို ပြန်လည်ဖော်ပြပေးပါသည်။