Monday, December 28, 2009

ကဗျာဆရာနှင့် သူ့ရဲဘော်

မြင့်ခေါင်

ကဗျာဆိုသည်မှာ အကြောင်းအရာ စိတ်ကူးတစ်ခုကို အနုပညာမြောက် သီကုံးမှုကိုအသုံးပြုကာ၊ ပုံဖော်ခြင်း၊ထင်ဟပ်ပြခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ ကဗျာသည်အကြောင်းအရာ စိတ်ကူးတစ်ရပ်ကိုသယ်ပိုးထားသည့် စာပေပစ္စည်းတစ်ရပ်ထက် ပိုလွန်လာသည့်အခါ လက်နက်သဖွယ်ဖြစ်လာတော့သည်။ နိုင်ငံရေးဆိုသည်မှာ ဖြစ်နိုင်ခြေကို သိမြင်နာလည်မှုဆိုင်ရာ အနုပညာဖြစ်သည်။ အနုပညာတစ်ရပ်ဖြစ်သည့် နိုင်ငံရေးရှိသည့်နေရာတွင် အနုပညာတစ်ရပ်ဖြစ်သည့်ကဗျာသည် ရှိလာရတော့သည်။ ထိုအချိန်တွင်ကဗျာတစ်ပုဒ်၏တာဝန်သည် ကျယ်ပြန့်နက်ရှိုင်းလာတော့သည်။ ကဗျာတစ်ပုဒ်၏ဆိုလိုရင်းနှင့် အားကောင်းချက်တို့သည် ကဗျာတစ်ကြောင်းပေါ်၌မှုတည်နေသည်လည်းရှိသည်။ ကဗျာတစ်ပိုဒ်အပေါ်၌ မူတည်နေသည်လည်းရှိသည်။တစ်ခါတစ်ရံ ကဗျာခေါင်းစီးပေါ်၌ မှုတည်နေသည်လည်းရှိသည်။ ”သားကိုရိုက်တဲ့လက်ဟာ မင်းအမေရဲ့လက်မဟုတ်ပါဘူးသားရယ်” (အောင်မြင့်စိုး) မှာကဗျာတစ်ကြောင်းပေါ်၌ မူတည်နေသောအားကောင်းချက်ဖြစ်သည်။
“ မည်သို့ပင်ဖြစ်စေ
ချစ်နေသေးသည်
ကြွေးကြော်စူးရဲ
အားမာန်ခဲတဲ့
တိုက်ပွဲထဲကပြည်သူလေ။
(မောင်လေးအောင်) မှာ ကဗျာတစ်ပုဒ်အပေါ်၌ မူတည်နေသော အားကောင်းချက်ဖြစ်သည်။ ”ငါ့ကိုအာဖရိက ပြန်ပေး” (လူမွန်းဘား) ဤသည်မှာ ကဗျာခေါင်းစီးတစ်ခု၏ အားကောင်းချက်ဖြစ်သည်။
ကဗျာတစ်ပုဒ်ရေးဖွဲ့ရသည်မှာ လွယ်ကူသည်ဟုမဆိုနိုင်ပေ။ ကျယ်ပြန့်နက်ရှိုင်းသည့် ကဗျာတစ်ပုဒ် ရေးဖွဲ့ရသည်မှာပို၍ပင်မလွယ်ကူပေ။ ကဗျာရေးဖွဲ့ခြင်းဆိုသည်မှာ စကားလုံးတစ်လုံးချင်းကိုလည်းရေးဖွဲ့ရ၏။ စာကြောင်းတစ်ကြောင်းချင်းကိုလည်းရေးဖွဲ့ရ၏။ ကဗျာတစ်ပုဒ်ချင်းကိုလည်းရေးဖွဲ့ရ၏။ ကဗျာခေါင်းစီးတစ်ခုရဖို့အတွက်ပင် တစ်စုံတစ်ရာအားထုတ်ရေးဖွဲ့ရတတ်ပေသည်။ ကဗျာတစ်ပုဒ်ကို တစ်ထိုင်တည်းနဲ့ ရေးဖွဲ့သလို၊ ထုံ့ပိုင်း ထုံ့ပိုင်းရေးဖွဲ့ရသည်လည်းရှိသည်။ တစ်ခါတစ်ရံကဗျာတစ်ပုဒ်ကို ရထားလိုက်သော်လည်း နောက်အပိုဒ်များဆက်မရပဲ ဖြစ်နေတတ်သည်။ အချိန်အတော်ကြာကြာ ရှေ့မဆက်နိုင်ပဲဖြစ်နေတတ်သည်။ နှစ်သက်သောအကြောင်းအရာ စိတ်ကူး၊ ယင်းအကြောင်းအရာစိတ်ကူးနှင့် လိုက်ဖက်သောစကားလုံး ဝေါဟာရ၊ အသံအချိုးအကွေ့များမရသဖြင့် ရှေ့သို့မဆက်နိုင်ခြင်းဖြစ်သည်။ ရရှိထားသောပထမအပိုဒ်သည် ကဗျာ၏ပထမအပိုဒ်ဖြစ်လာမည်ဟု အတိအကျပြော၍မရပေ။ ကဗျာတစ်ပုဒ်လုံး ရုပ်လုံးပေါ်လာသောအခါ၊ ထိုပထမအပိုဒ်သည် သင့်လျော်သောနေရာတွင် ဝင်ရောက်နေရာယူထားသည်ကိုတွေ့ရမည်ဖြစ်သည်။ တစ်ခါတစ်ရံရေးဖွဲ့ချင်သော အကြောင်းအရာစိတ်ကူးက စိတ်ထဲ၌ပေါ်နေသော်လည်း လိုက်ဖက်သည့်စကားလုံးရှာမရဖြစ်နေတတ်သည်။ ရပြန်ရင်လည်း အသုံးပြုပြီးသားအဟောင်းဖြစ်နေတတ်သည်။ ကဗျာပုံသဏ္ဌာန်မှာလည်း အဟောင်းဖြစ်နေပြန်သဖြင့် ကဗျာရေးခြင်းကိုရပ်ထားလိုက်ရတော့သည်။ စကားလုံးဟောင်း အသံဟောင်း၊ ပုံသဏ္ဌာန်ဟောင်းတို့ရဲ့ပိတ်လှောင်ထားမှုမှ ဖောက်မထွက်နိုင်ဖြစ်ကာ ကဗျာကို ကိုယ်တိုင်အားထုတ်ရေးဖွဲ့နေသည့် ကဗျာဆရာများကသာ ပို၍သိနိုင်မည်ဟု ထင်ပါသည်။
မာရီယာ
မင်းနာမည်ကို မေ့သွားမှာစိုးတယ်
ကဗျာဆရာတစ်ယောက်စကားလုံးတွေကို
မေ့သွားမှာစိုးရိမ်သလိုပေါ့......။
ကဗျာဆရာမာယာကော့စကီးသည် သူ့ရင်ထဲပေါ်လာသည့် ကဗျာစာလုံးတွေကို မေ့သွားမှာစိုးသူဖြစ်သည်။ ကဗျာဆရာတစ်ယောက်သည် သူ့ရင်ထဲပေါ်လာသည့်ကဗျာစာလုံးများကို ချက်ချင်းထ၍ရေးမှတ်ထားတတ်သည်။ ရေးမှတ်စရာအနီးအနားတွင်မရှိပါက စိတ်ထဲ၌စွဲနေအောင် အကြိမ်ကြိမ်ရွတ်ဆိုနေရသည်။ တစ်ခါတစ်ရံကဗျာတစ်ပုဒ်လုံးကိုပြီးဆုံးသည်အထိ စိတ်ထဲ၌င် ရေးဖွဲ့လိုက်ရသည်များရှိသည်။ ဤသည်မှာဂီတလက်ကွက်တွေရေးဆွဲကာ စိတ်ကူးနှင့်စန္ဒယားတီးခက်သည့် ကဗျာဆရာကြီး ဆရာဒဂုန်တာယာ၏ ဆိတ်ဖလူးရနံ့နှစ်ကာလတွေထဲက အဖြစ်အပျက်နှင့်ဆင်ဆင်တူသည်ဟုဆိုနိုင်သည်။ စိတ်နဲ့ကဗျာရေး၊ စိတ်နဲ့စန္ဒယားတီးခက်။ ဤနည်းဖြင့် ရေးဖွဲ့သောကဗျာတွေ၊ ဂီတသံစဉ်တွေအတော်များများရှိမည်ဟုကျနော်ထင်သည်။
ကဗျာဆရာသည် အဟောင်းကိုအသိအမှတ်ပြု၍၊ ဝေဖန်၍ အသစ်ကိုထွေးပွေ့ရမည်။ မှန်ကန်သောလမ်းကြောင်းအတိုင်း လျှောက်လှမ်းရမည်။ အခက်အခဲတွေကို အများနဲ့အတူ အဓိပ္ပာယ်ရှိရှိ၊ အစီအစဉ်ရှိရှိ ကျော်ဖြတ်ရမည်။ တွေးခေါ်ရှင်ပလေတိုက ကဗျာဆရာကို သမ္မတနိုင်ငံစနစ်ထဲက ဖယ်ထုတ်ထားချင်သည်။ ဤအမြင်မှာ မှန်ကန်ခြင်းမရှိပေ။ အစွန်းရောက်အမြင်တစ်ခုဖြစ်သည်။ ကဗျာဆရာရှယ်လီကမူ ကဗျာဆရာဆိုတာ အသိအမှတ်ပြုမခံရတဲ့ ဥပဒေပြု လွှတ်တော်အမတ်ဖြစ်သည်ဟု အခိုင်အမာတောင်းဆိုသည်။
ကဗျာတွင် အကြောင်းအရာသည် ဦးဆောင်မှုအပိုင်းမှပါဝင်ကာ ပုံသဏ္ဌာန်သည် အနုပညာသီးကုံးမှုဖြင့်အကြောင်းအရာကို ထင်ဟပ်ပေးသော အတွင်းပိုင်းအဖွဲ့အစည်းဖြစ်သည်။
ကဗျာဆိုသည်မှာ.....ပန်းပွင့်၊ လရောင်......၊မြင်းရိုင်း.....၊ တိုက်ပွဲခေါ်သံ၊ လက်နက် စသည်ဖြင့် အနှစ်ချုပ်သဘောဖြင့် ခံစားဖော်ပြကြသည်။ "မက်သယူအာနိုး" ကမူ "ကဗျာဆိုတာ ဘဝရဲ့မှတ်ကျောက်" ဟုဆိုသည်။
မည်သို့ပင်ဖြစ်စေ ကဗျာဆရာသည် သူရေးဖွဲ့ရရှိလိုက်သည့် ကဗျာတစ်ပုဒ်ကို သူ့ရင်သွေးလိုသဘောထားသည်။ အရိပ်တကြည့်ကြည့်နှင့် အားပေးနေတတ်သည်။ မျက်လုံးပင်လယ်တွေရဲ့ အကြည့်ကိုမကြောက်နဲ့၊ မုန်းတိုင်းမိုးစက်တွေကိုကျော်ဖြတ် စသည်ဖြင့် ကဗျာဆရာသည် သူ့ကဗျာကိုအားပေးနေတတ်သည်။ တစ်ခါတစ်ရံ လူသားရဲဘော်ရဲဘက်တစ်ယောက်လို သဘောထားကာ တာဝန်တွေပေးနေတတ်သည်။ လူထုဆီကိုသွား၊ လူထုကိုလှုပ်နှိုး၊ လူထုနဲ့အတူချီတက် စသည်ဖြင့် တာဝန်ဝေပေးနေတတ်သည်။
ကိုယ့်ကဗျာကို ကိုယ့်ရဲဘော်တစ်ယောက်လိုသဘောထားကာ တာဝန်တွေပေးနေသည့် ဆိုဗီယက်ကဗျာ ဗာဆီလီဖြိုဒါရော့ရဲ့ ကဗျာတစ်ပုဒ်ကို မျှဝေခံစားနိုင်ရန် ဘာသာပြန်ဖော်ပြလိုက်ပါသည်။

ငါ့ကဗျာသို့......


ငါ........ငေးကြည့်နေမိ
သင်.....ငါ့ရဲ့ကဗျာ
ဝေဒနာများနဲ့အတူလေ....
မိခင်တစ်ဦးက သတိပြုလိုက်မိ
မျှော်လင့်ချက်မဲ့ခြင်းက အန္တရယ်မဖြစ်အောင်
တားထားရသူကို
ဒါပေမဲ့......သူမသိနေ
သူမ၏သားများ၊ သူမ၏ခလေးများ
အချစ်နဲ့ပတ်သက်ပြီး မွေးဖွားလာသူတွေ
ဆွံ့အ နားမကြားသူတွေဖြစ်နေတာ
ကံစီမံရာအမြစ်တွယ်နေတာ.......။

ဘယ်သူ့ကိုအပြစ်တင်ရမှာလဲ
ဘာကိုအပြစ်တင်ရမှာလဲ
မုန်းတိုင်းထန်တဲ့ ခေတ်ကာလများ
အနာအဆာမကင်းတဲ့ အမွေအနှစ်တစ်ခု
ဟောဒီ ဦးနှောက်
ဒါဟာ ငါရရှိပိုင်ဆိုင်ထားတဲ့အရာလား
သင်ဟာ ငါ့ရဲ့ကိုယ်ပိုင်၊ ငါဆုတ်ကိုင်ထား
သင့်ရဲ့စကားလုံးတိုင်းကိုပေါ့
သို့ပေမဲ့ သင်......စကားပြောရမယ်
အားလုံးနားလည်ဖို့အတွက်လေ........။

သင်.........ရင်ဆိုင်ရမယ်
မျက်လုံးများရဲ့ပင်လယ်ပြင်တစ်ခု
လူတစ်ယောက်ရဲ့ အသက်ဝိညာဉ်ကို အပိုင်းပိုင်း
ဆုတ်ဖြဲပစ်တဲ့
သည်းမခံတတ်တဲ့၊ ခက်ထန်တဲ့၊ အကြင်နာမဲ့တဲ့
မျက်လုံးများ
တခြားသူတစ်ဦးရဲ့ နှလုံးသား လက်တစ်ကမ်း
တစ်နေရာ
ပွင့်နေတဲ့ တံခါးအနီးမှာ
သင့်ကို နိဂုံးချုပ်ပစ်မဲ့
မျက်လုံးများ........။

သို့ပေမဲ့.....သင်.....သိရမယ်
ကမ္ဘာကြီးကကျယ်ပျောတယ်ဆိုတာ
ပြီးတော့........သဘောထားကြီးရမယ်
ကြောက်ရွံ့စရာမဟုတ်ဘူး
ဆောင်းရာသီဆီးနှင်းတွေ၊ ဒါမှမဟုတ်
ဆောင်းဦးရာသီမိုးသည်တွေကို
ဆက်လျှောက်ပါရှေ့ကို
တံခါးခေါက်ပါ ရဲရဲဝံ့ဝံ့
လူထုကြီးရဲ့နှလုံးသားတံခါးပေါက်တွေကို
အလေးမထား၊ ဥပက္ခောပြုမှုတွေ ကြုံလာရင်
သင်.....ထပ်၍ကြိုးစားပါ.........။
သင်.....ထပ်၍ကြိုးစားပါ.........။

မြင့်ခေါင်

Ref: To my verse/by Vasili Fyodorov
မှတ်ချက်။ ။ "ပက်ထရစ်လူမွန်ဘာ" ရေးသော မူရင်းကဗျာ၏ အင်္ဂလိပ်ဘာသာခေါင်းစီးအမည်မှာ "Africa come back" ဖြစ်ပြီး။ မုံရွာအောင်ရှင်ပေးသော မြန်မာဘာသာပြန် ခေါင်းစီးအမည်မှာ ငါ့ကိုအာဖရိက ပြန်ပေး ဖြစ်ပါသည်။
အောင်မြင့်စိုးမှာ ကဗျာဆရာ မောင်စိုးချိန် ဖြစ်ပါသည်။
အချစ်ဖြင့်စီးဆင်းနေသော နှလုံးအိမ်/မောင်လေးအောင်၊ မိုးဝေ၊ အမှတ် (၁၁၃) ၁၉၉၇၊ ဇွန်လ

Friday, December 11, 2009

ငြိမ်းရိပ်မိုး

မောင်ပြုပြင် ( ကျုံပျော်)

နေအပူ
လေအပူ
ဝှန်းဆူပွတ်ထ၊ ကာလဆယ်နေ။

ဆင်းရဲပြည်သူ
ရင်အပူ၊ ဝှန်းဆူပွတ်ထ
ဘဝထွေထွေ၊ ဆယ်နေလွန်ကဲ။

ခြောက်ကပ်ပိန်လှီ
ညှိုးရီမှိန်လျော့၊ ဖျော့တော့နွမ်းနယ်
ရင်ဝယ်သောက၊ စိတ်မှလောင်မြိုက်
အပူတိုက်သော်၊ ရုပ်၌ထင်းထင်း
အိုမင်းရင့်ရော်၊ ဒဏ်ရာပေါ်ခဲ့။

နေ၏တပ်မ
ကသုတ်ကရက်၊ ထွက်ပြေးနောက်ဆုတ်
ရုတ်တရက်ပင်၊ ကောင်ကင်အုံ့မှိုင်း
ရှစ်တိုင်းရှစ်ရပ်၊ ထစ်ချုန်းလတ်၍
အိုက်စပ်ပူပြင်း၊ မြေတလင်းကို
ချက်ခြင်းငြိမ်းအေးစေသည့်မိုး။

ရုပ်အပူကို
ဖေကူညှာတာ၊ အေးစေပါလည်း
ရင်မှာအပူ၊ ဘယ်သို့ကူ၍
ပြည်သူ၏ချွေး၊ ပူနွေးနွေးကို
အေးစေနိုင်မလား ငြိမ်းရိပ်မိုး။ ။

မောင်ပြုပြင် (ကျုံပျော်)

အားသစ်ယူလော့ ငှက်လင်းယုံ

မောင်ပြုပြင် (ကျုံပျော်)

မုန်းတိုင်းကြမ်းကြမ်း
မိုးလေကြမ်းစဉ်။
ကင်းမဲ့လင်းရောင်
ပိန်းပိတ်မှောင်စဉ်။
မိုးကြိုးပစ်လျက်
လျှက်ပန်းလက်စဉ်။
လောကအိမ်သည်
မငြိမ်မသက်၊ စည်းဝါးပျက်၍
ယောက်ယက်ခတ်ပြီ၊ မပျက်စီးခင်။ ။

သည်အချိန်တွင်
သွင်သွင်တိုက်ကြမ်း၊ မုန်းတိုင်းလမ်းကို
ဖြတ်သန်းပျံလျက်၊ လင်းယုံငှက်လျင်
မပျက်မယွင်း၊ အားမာန်တင်ပြီး
သေမင်းနယ်မြေ၊ ဖြတ်ကျော်နေ၏။ ။

အို..ရဲရင့်သစ္ဓာ
ခိုင်ကျည်စွာနှင့်၊ စွမ်းဖြာပြည့်စုံ
ငှက်လင်ယုံငဲ့၊ မုန်းတိုင်းတိုက်ပြီး
သင့်ခရီးကို၊ တားဆီးပိတ်ပင်
ရှိပေလျင်မူ၊ သင့်တွင်ရှိထား
စွမ်းအားများဖြင့်၊ သွေးများပွတ်ပွတ်
အန်၍ထွက်အောင်၊ ချွှန်ထက်နှုတ်သီး
ခြေသည်းချွန်မြ၊ ရှိသမျှလျင်
တိုက်ကြခိုက်ကြ၊ တော်လှန်ကြလော့
လောကသစ္စာ၊ မှန်ကန်ရာသည်
မဟာအောင်ပွဲခံလိမ့်တကား။ ။

မောင်ပြုပြင် (ကျုံပျော်)

Thursday, December 3, 2009

နှစ်ထောင့်တစ်ဆယ်

သျှင်နောင်ထွဏ်း

နှစ်သစ်ရေ........
ငါ့ကို
ကျည်ဆံမဲ့သေနတ်မပေးပါနဲ့
သံစဉ်မဲ့တေးသီချင်းတွေမဆိုပြပါနဲ့
လောကမာယာမျက်ဝန်းပေါ်မှာ
အရောင်တွေဖန်တီးမပြပါနဲ့
အက်ကွဲတဲ့လက်တွေနဲ့ နှုတ်မဆက်ပါနဲ့
ရက်စက်တဲ့နှုတ်ခမ်းနဲ့ မနမ်းပါနဲ့။

ရင်ခုန်ချင်တယ်နှစ်သစ်ရေ.....
ငါ့ရင်ခုန်သံတွေထဲမှာ
ခမ်းနားတဲ့ဘဝပုံရိပ်
ဝမ်းနည်းခြင်းများနတ္တိ
လှပကခုန်နေတဲ့အမှန်တရားများ
မျှော်လင့်ခြင်းသက္ကရာဇ်တွေထဲမှာ
ပျောက်ဆုံးနေတဲ့ငါးရာနှစ်ဆယ့်ရှစ်
နှလုံးသားအသစ်နဲ့ ထုဆစ်လို့
ငါချစ်ချင်ပါတယ်
နှစ်ထောင့်တစ်ဆယ်။ ။

သျှင်နောင်ထွဏ်း

Wednesday, December 2, 2009

ဝိမုတ္တိပင့်ကူမျှင်


Written by နတ်မှူး
Thursday, 02 July 2009 04:05


ဒီအကြောင်းအရာလေးကို လက်ဆင့်မကမ်းခဲ့ရင် မင်းဘာမှမဖြစ်ပါဘူး။ မင်းရဲ့ ခွေးကလေး၊ ကြောင်ကလေးတွေကလည်း သေမသွားဘူး။မင်းလည်း ဖျားနာလာမှာ မဟုတ်ဘူး။ ခုနစ်နှစ်၊ ခုနှစ်မိုး ကံမကောင်းမှုတွေနဲ့ နပန်းလုံးရမှာလည်း မဟုတ်ဘူး။ ဒါပေမယ့် မင်းတိုင်းပြည်ကို ချစ်တယ် ဆိုရင်တော့ ဒါလေးကို တတ်နိုင်သမျှ လူတွေအများကြီးထဲ လက်ဆင့်ကမ်း ဝေငှလိုက်စမ်းပါ။ သူတို့ရဲ့ အမူအကျင့်တွေကိုလည်း ပြောင်းလဲနိုင်ပါစေလို့ ဆိုထားတာကိုးဗျ။ ကျွန်တော်ကလည်း ကိုယ့်တိုင်းပြည်ကို သိပ်ချစ်တဲ့သူပါ။ ဒါကြောင့် အများသိအောင် မျှဝေလိုက်ပါတယ်။ အစိုးရမဟုတ်တဲ့ ကျန်းမာရေး အဖွဲ့အစည်း တစ်ခုရဲ့  သတင်းအချက်အလက်ကလေးပေါ့။

သူက ဒီလို ပြောတယ်ဗျ။ ဆင်းရဲတဲ့ နိုင်ငံနဲ့ ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကွာခြားချက်က နိုင်ငံရဲ့  သက်တမ်း အနုအရင့်နဲ့ မဆိုင်ဘူး။ ဥပမာ အိန္ဒိယ၊ အီဂျစ်တို့လို နိုင်ငံတွေဟာ သက်တမ်း နှစ်ပေါင်းနှစ်ထောင်ကျော် ရှိခဲ့ပါပြီ ဆင်းရဲတုန်းပဲ။ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန် နိုင်ငံတွေက သက်တမ်း တစ်ရာ့ငါးဆယ်လောက် ရှိသေးတယ်။ ဒါပေမယ့် တိုးတက်ချမ်းသာကြလို့။

နောက် ဆင်းရဲ၊ ချမ်းသာကွာခြား မှုဟာ ဒီတိုင်းပြည်တွေရဲ့ သဘာဝသယံ ဇာတအရင်းအမြစ်တွေပေါ်မှာလည်း မူမတည်ဘူးတဲ့။ ဒါပေမယ့် ဂျပန်နိုင်ငံ ကို ခင်ဗျား ကြည့်လိုက်စမ်း။ ပင်လယ် ရေတွေနဲ့ ၀ိုင်းထားတယ်။ နိုင်ငံရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကျော်က တောင် တန်း တွေဖြစ်နေတယ်။ အသီးအနှံစိုက် ပျိုးဖို့၊ တိရစ္ဆာန်မွေးမြူဖို့ မြေမလုံလောက်ဘူး။ မယ်မယ်ရရ ဘာသယံဇာတ ပစ္စည်းမှလည်းမထွက်ဘူး။ ကြည့်လိုက်တော့ သူက ကမ္ဘာ့ဒုတိယအချမ်းသာ ဆုံးနိုင်ငံဗျ။ ဘာကြောင့်လဲဆိုတော့ တစ် ကမ္ဘာလုံးကကုန် ကြမ်းတွေသွင်းပြီး ကုန်ချောထုတ်ပြန်ပို့တာကိုး။ ဧရာမ ရေပေါ်စက်ရုံလို့တောင်တင်စားရတယ် မဟုတ်လား။ နောက်ဥပမာတစ်ခုက ဆွစ်ဇာလန်နိုင်ငံဗျာ။ ကိုကာပင်တွေ မစိုက်ပေမယ့် ကမ္ဘာ့အကောင်းဆုံး ချော့ကလက်ကို ဆွစ်ဇာလန်ကထုတ် တယ်။ နိုင်ငံက သေးသေးလေး။

ရာသီ ဥတုကဆိုးတော့ တစ်နှစ်မှာ လေးလပဲ စိုက်ပျိုးမွေးမြူချိန်ရတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး နို့ထွက်ပစ္စည်းတွေက ဆွစ်ဇာလန်က ထွက်တယ်။ နောက်လုံခြုံ မှု၊ အစီအစဉ်ကျမှုနဲ့ အလုပ်လုပ်မှုမှာ ထိပ်တန်းဖြစ်ပြီး ကမ္ဘာ့စိတ်အချရဆုံး နိုင်ငံလည်းဖြစ်တယ်။ တကယ်လို့သာ ခင်ဗျားမှာ ပိုက်ဆံတွေ အများကြီးရှိခဲ့ရင် ဆွစ်နာရီကိုပတ်ပြီး ဆွစ်ဘဏ်မှာပဲငွေကို အပ်မှာ မဟုတ်လား။

နောက် နိုင်ငံတွေရဲ့ဆင်းရဲချမ်းသာ ကွာဟမှုဟာ လူမျိုးနဲ့ အသားအရောင် ပေါ်မှာလည်း မူမတည်ဘူးတဲ့။ အင်မ တန် ပျင်းရိပါတယ်ဆိုတဲ့ အာဖရိက တိုက်ဖွားလူမည်းတွေဟာ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန် စတဲ့ ဥရောပနိုင်ငံတွေ လည်းရောက်ရော အလုပ်အတော်လုပ် တဲ့ အင်အားစုတွေဖြစ်လာရော။ လုပ် သလောက်အကျိုးရှိလို့ ပိုလုပ်တဲ့သဘော လို့ ကျွန်တော်ထင်ပါတယ်။ ထားပါ တော့လေ။

ဒါဖြင့် ဆင်းရဲချမ်းသာကွာဟမှုရဲ့ အဓိကအချက်က ဘာလဲလို့မေးစရာရှိ တယ်။ ဟုတ်ကဲ့၊ အဖြေက လူတွေရဲ့ စိတ်ဓာတ်ပါပဲတဲ့။ ဒီစိတ်ဓာတ်ကို ပုံသွင်းတဲ့အရာတွေက လူတို့သင်ယူခဲ့ ရတဲ့ပညာရေးနဲ့ သူတို့ရဲ့ဓလေ့ထုံးစံတွေ ပါ။ ချမ်းသာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးသားတွေရဲ့ အပြုအမူကို ဆန်းစစ်ကြည့်တဲ့အခါ လူအများစုဟာ သူတို့ဘ၀မှာ အောက်ပါမူဝါဒ ကိုးချက် ကို လိုက်နာကြပါသတဲ့။

၁။ အခြေခံမူတစ်ရပ်အနေနဲ့ သူတို့ဟာ ကိုယ်ကျင့်တရား ကောင်းမွန်ကြ တယ်။
၂။ စည်းလုံးညီညွတ်ကြတယ်၊
၃။ တာဝန်သိစိတ်ရှိကြတယ်။
၎။ ဥပဒေတွေနဲ့ စည်းမျဉ်းစည်းကမ်း တွေကို လိုက်နာကြတယ်။
၅။ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို လေးစားကြတယ်။
၆။ အလုပ်ကို ချစ်မြတ်နိုးတယ်။
၇။ ငွေစုဆောင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားကြတယ်။
၈။ ဘယ်နေရာမှာမဆို အကောင်းဆုံး လုပ်ဆောင်ဖို့ ဆန္ဒရှိကြတယ်။
၉။ အချိန်ကို လေးစားကြတယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ လူအနည်းစုကသာ သူတို့ရဲ့နေ့စဉ်ဘ၀မှာ ဒီမူဝါဒကိုးချက်ကို လိုက်နာကျင့်သုံးပါ သတဲ့။ လူတွေဆင်းရဲတာဟာ သဘာဝ သယံဇာတအရင်းအမြစ်တွေခေါင်းပါး လို့၊ သဘာဝတရားကိုက ရက်စက်လို့ မဟုတ်ပါဘူး။ ဒီမူဝါဒကိုးချက်နဲ့ပြည့်ဝ တဲ့စိတ်ဓာတ် ချို့တဲ့လို့ပါတဲ့။ တိုင်းပြည် ကိုမချစ်ရာကျမှာစိုးလို့သာ ဝေငှလိုက်ရ လိုက်ရတာပါ။ ငါကိုယ်တိုင်ကော အဲဒီ အချက်ကိုးချက်နဲ့ ကိုက်ညီအောင်နေထိုင် ပါရဲ့ လားဆိုတာ မစဉ်းစားသေးဘူး။ လေရူးသုန်သုန်ထဲက စကားလက်အိုဟာ ရာလို မနက်ဖြန်မှ စဉ်းစားကြတာပေါ့။

လူတွေရဲ့စိတ်ဓာတ်နဲ့ ပတ်သက်ပြီး ကျွန်တော့်ကိုယ်တွေ့ ဖြစ်ရပ်ကလေး တစ်ခု ပြောပြချင်ပါသေးတယ်။ တစ်နေ့ မှာ ကျွန်တော့်ဆီကို နိုင်ငံခြားသား မိတ်ဆွေတစ်ယောက် လာလည်တယ်။ ကျွန်တော့်ကားလေးနဲ့ ပုဂံညောင်ဦးကို လိုက်ပို့ရတယ်။ သူက ပုဂံဘုရား ပုထိုးတွေရဲ့ အနုလက်ရာတွေကို ကြည့် ပြီး Very Good, Worderful, Marvellous နဲ့ လုပ်နေတယ်။ နောက် ပြောသေး တယ်ဗျ။ ခင်ဗျားတို့မြန်မာလူမျိုးဟာ လူမျိုးကြီးတစ်ရပ်ဖြစ်တယ်ဆိုတာ ဒီပုဂံကသက်သေပြနေတယ်တဲ့။ ကျွန်တော်လည်း တပြုံးပြုံးပေါ့ဗျာ။ ကိုယ့်လူမျိုးကိုချီးမွှမ်းတာ သဘောမကျ တဲ့သူ ဘယ်ရှိပါ့မလဲ။ ဒီလိုနဲ့ မျိုးမျိုး ထမင်းဆိုင်မှာ နေ့လယ်စာ စားပြီး ကျွန်တော်နေတဲ့ ချောက်မြို့လေးကို ပြန်ခဲ့ကြတယ်။ အပြန်လမ်းလည်း ရောက်ရော ဟီးနိုးကားကြီးတစ်စီးကို ရှေ့မှာ တွေ့ရတယ်။ ကားပေါ်မှာလည်း လူတွေအများကြီးပါလာတယ်။ ဘုရား ဖူးတွေဖြစ်ပုံရတယ်။

ဒီဟီးနိုးကားက ရှေ့ က ပိတ်မောင်းနေတယ်။ လမ်းမ ကောင်းလို့ ဘေးချမပေးတာနေမှာပါဆိုပြီး နောက်က မှေးလိုက်နေတယ်။ လမ်း ကောင်းလမ်းကျယ်ရောက်ပေမယ့် သူက ချမပေးဘူး။ ကျွန်တော်က ဟွန်းတတီ တီတီးတာပေါ့။ ကျွန်တော် တီးလေ ကားပေါ်ကလူတွေက ၀ိုင်းရယ်လေပဲ။ နောက် ကျွန်တော့်နောက်မှာ ကားလေး တွေ တသီတတန်းကြီးဖြစ်လာတယ်။ သူတို့လည်း စိတ်ပျက်လက်ပျက်နဲ့ ဖုန် တွေရှူပြီး ဖြေးဖြေးချင်း မောင်းနေရ တယ်။ ဟီးနိုးကားဒရိုင်ဘာကတော့ တော်တော်အညစ်သန်ပုံရတယ်ဗျ။ လမ်း ကိုဖယ်မပေးဘူး။ သူ ဒီလိုညစ်နေရတာကိုပဲ တော်တော် အားရနေပုံရတယ်။ သူ့ကားပေါ်ကလူတွေကလည်း နောက် က ဖုန်တွေကြားက ဒုက္ခရောက်နေတဲ့ ကားတန်းကြီးကိုကြည့်ပြီး တ၀ါးဝါး ပွဲကျနေတယ်။ သူတို့ဒရိုင်ဘာကို အား ပေး အားမြှောက်လုပ်နေတဲ့ပုံစံမျိုး။ ဒါနဲ့ ကျွန်တော်လည်း ဟွန်းဆက် မတီးတော့ဘူး။ ဦးပုညမေတ္တာစာထဲ ကလို “လျှာထွက်အောင်မောသော်လည်း ဟောရင်းသာပျံတော်မူမည်။ ဆန်ဖြူဖြူ တစ်ခွက်မျှ ထွက်လာပုံမရ” ကိန်းဆိုက် နေတာကိုး။ လူညစ်ပတ်ကို မေတ္တာရပ်ခံ လို့ မရဘူးလေ။ စိတ်ကတော်တော် ဒေါသထွက်နေတယ်။ နိုင်ငံခြားသား ဧည့်သည်ကို အားနာတာလည်းပါတာ ပေါ့လေ။

ခင်ဗျားစဉ်းစားကြည့်ဗျာ။ လမ်းက ကျဉ်းကျဉ်းလေး။ ဟီးနိုးကား တစ်စီးက ပိတ်မောင်းနေတယ်။ သူ့ နောက်မှာ သူ့ထက်မြန်မြန်မောင်းနိုင်တဲ့ ကားတွေက တန်းစီလို့။ ဒီဟီးနိုးကား ဒရိုင်ဘာသာ စိတ်ဓာတ်ကောင်းခဲ့ရင် တစ်နေရာရာမှာ လမ်းချပေးလိုက်ရုံနဲ့ အဆင်ပြေပြီပေါ့ဗျာ။ လူသာဓုခေါ်၊ နတ် သာဓုခေါ်အလုပ်ပဲ။ အခုတော့ ဘာတတ် နိုင်သေးလဲ။ မင်းတို့ ငါပြုသမျှနုရမယ့် ဘ၀ပါကွာ ဆိုတဲ့ပုံစံမျိုးလုပ်နေတာ။ ဒါ အနိုင်ကျင့်တာဗျ။ ညစ်ပတ်ရုံတင်မက ဘူး၊ ယုတ်မာတာလည်းပါတယ်။ ကျွန်တော့်မိတ်ဆွေနိုင်ငံခြားသားလည်း တော်တော် စိတ်ပျက်သွားပုံရတယ်။ မျက်နှာကြီးနီပြီး ပါးစပ်ကတစ်ခွန်းပဲ ပြောတယ်။ Very Bad တဲ့ ဘယ်လောက် သိက္ခာကျလိုက်သလဲဗျာ။ လောကမှာ စိတ်ဓာတ်မြင့်မြင့်မားမား ထားတတ်သူ နဲ့ဆုံစည်းရတာ ကုသိုလ်တစ်ခုဖြစ်သလို အကုသိုလ်ဝင်ရင် စိတ်ဓာတ်ယုတ်ညံ့ သူတွေနဲ့ကြုံရတတ်တယ်ဗျို့။

လူတစ်ယောက်ရဲ့မြင့်မြတ်တဲ့ စိတ် ဓာတ်ကိုတည်မှီပြီး လူတွေလွတ်မြောက် နိုင်သလို ယုတ်ညံ့တဲ့စိတ်ဓာတ်ကြောင့် လည်း လူတွေငရဲတွင်းထဲ ရောက်သွား နိုင်တယ်။ ဘုရားသခင်ကို ကနေ့တိုင် လူတွေ ရှိခိုးပူဇော်နေရတာ သူတို့ရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ကြောင့်ဖြစ်ပြီး ဟစ်တလာလို လူမျိုးကို ကဲ့ရဲ့ ပြစ်တင် နေတာ သူရဲ့ ယုတ်ညံ့တဲ့စိတ်ကြောင့် မဟုတ်လားဗျာ။ နောက်လူတစ်ယောက် ရဲ့ စိတ်ဓာတ်ပေါ်မူတည်ပြီး နိုင်ငံတွေရဲ့ သမိုင်းကြောင်းက ပြောင်းလဲသွားနိုင် တယ်။ ကြီးကျယ်လှချည်လားလို့ ခင်ဗျား အောက်မေ့ကောင်း အောက်မေ့ လိမ့်မယ်။ တကယ်လို့ ဘရူးတပ်စ်က ဂျူလီယက်ဆီဇာကို၊ အော့စ်ဝဲက ကနေဒီ ကို၊ ဂဠုန်ဦးစောက ဗိုလ်ချုပ်အောင်ဆန်း ကို မြင့်မြတ်တဲ့ စိတ်ကလေးမွေးပြီး မလုပ်ကြံခဲ့ဘူးဆိုပါစို့၊ သမိုင်းမှာဘာတွေ ဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်ဘူး။ ကျွန်တော်ဆိုလိုတာက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ဟာ မိမိကိုယ်ပိုင်ဘ၀ကို သာမက လူများစွာရဲ့ ဘ၀ကိုလည်း ပြောင်းလဲစေနိုင်ပါလားဆိုတာ သိစေ ချင်လို့ပါ။ လူရဲ့ စိတ်နဲ့ ပတ်သက်ပြီး ကျွန်တော်ဖတ်ဖူးတဲ့ ၀တ္ထုလေးတစ်ပုဒ် ကို မျှဝေချင်ပါတယ်။ ကမ္ဘာကျော် ဂျပန်ဂန္ထ၀င်စာရေးဆရာကြီး အကုတဂါ ၀ါရဲ့ ပင့်ကူမျှင်ကုသိုလ် ဆိုတဲ့ ၀တ္ထု လေးပါ။ ဇာတ်ကြောင်းက ဒီလိုဗျ...။

နေ့တစ်နေ့မှာ ဘုရားရှင်ကိုယ်တော် မြတ်ကြီးဟာ ကောင်းကင်ဘုံတစ်ခုရဲ့ ကြာကန်ဘေးမှာ တစ်ကိုယ်တည်း စင်္ကြံ လျှောက်နေတယ်။ ကန်ရေကလည်း ကြည်လင်လို့၊ ကြာပန်းတွေကလည်း လန်းဆန်းပြီး ပုလဲရတနာလို ဆွတ်ဆွတ် ဖြူလို့၊ ကြာဝတ်မှုန်တွေကလည်း ပတ် ၀န်းကျင်တစ်ခုလုံးကို သင်းလို့၊ ထုံလို့။ ကောင်းကင်ဘုံကြာကန်ကြီးရဲ့ အောက် တည့်တည့်မှာ ငရဲပြည် ရှိနေတယ်။ ဘုရားရှင်က ကြာကန်နံဘေးမှာရပ်တော် မူတယ်။ နောက် ကြာကန်ကိုဖြတ်ပြီး ဟိုးအောက်ကငရဲပြည်ကိုလှမ်းကြည့် လိုက်တယ်။ ငရဲပြည်က သေရွာကူးမြစ် ကြီးတွေ၊ အပ်တောင်ကြီးတွေ၊ မီး ပင်လယ်တွေ၊ သွေးအိုင်ကြီးတွေကို ကြည်လင်ပြတ်သားစွာ မြင်တော်မူ တယ်။

ငရဲကြီးရှစ်ထပ်ရဲ့ အောက်ဆုံးထပ်မှာ တခြားသော ငရဲသားတွေနဲ့အတူ ကယ်ပါယူပါတစာစာနဲ့ အော်ဟစ်ပြီး ဒုက္ခကြီးစွာခံစားနေရတဲ့ ကန္ဒတ္တအမည် ရတဲ့ လုလင်ကို ဘုရားသခင် သတိပြု တော်မူလိုက်တယ်။ လူ့ပြည်မှာရှိစဉ်က ဒီလုလင်ဟာ လူသတ်၊ ခိုးဆိုး၊ လုယက်၊ မီးရှို့စတဲ့ မကောင်းမှုမှန်သမျှ အကုန် လုပ်ခဲ့တဲ့လူဆိုးတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့မှာ တစ်ခုတည်းသောကုသိုလ် ကောင်းမှုလေး ရှိပါသေးလားဆိုတာကို ဘုရားသခင်ဆင်ခြင်တော်မူလိုက်တယ်။ တစ်နေ့မှာ ဒီယောက်ျားဟာ တောနက် ကြီးတစ်ခုအတွင်းဖြတ်သွား နေစဉ် ပင့်ကူငယ်လေးတစ်ကောင် လမ်းပေါ်မှာ တရွေ့ရွေ့သွားနေတာကို တွေ့ရတယ်။ ကန္ဒတ္တက ခြေကိုမပြီး နင်းသတ်မလို့ လုပ်ပြီးကာမှ အို မဖြစ်သေးပါဘူး။ ဒီကောင်လေးက အကောင်သာသေး ပေမယ့် အသက်ဝိညာဉ်ရှိနေတာပဲ။ သူ တစ်ပါးအသက်ကို အကြောင်းမဲ့ လက်လွတ်စပယ်သတ်ရတာ သနားပါ တယ်။ ငါ မသတ်တော့ပါဘူး ဆိုပြီး ချမ်းသာပေးလိုက်တယ်။ ဒီပင့်ကူ ကလေးကို ကယ်တင်ခဲ့တဲ့ ကောင်းမှု ကုသိုလ်ကလေးကို သတိရလာပြီး ဘုရားသခင်က ကန္ဒတ္တကို ငရဲပြည်က ကယ်တင်ဖို့ကြံရွယ်တော်မူတယ်။ ကံကောင်းထောက်မစွာ ဘေးဘက်ကိုရှုစား လိုက်တော့ ကျောက်စိမ်းရောင်တောက် နေတဲ့ကြာရွက်တစ်ရွက်ပေါ်မှာ ပင့်ကူ တစ်ကောင်က ငွေအဆင်းလိုဖြူဖွေး လှပတဲ့ပင့်ကူမျှင်ကို ရက်လုပ်နေတာတွေ့ ရတယ်။ ဘုရားရှင်လည်း ဒီပင့်ကူမျှင်ကို ဆတ်ခနဲ ကောက်ယူလိုက်ပြီး ကြာဖြူ ပွင့်တွေကြားက ဝေးလံတဲ့ ဟိုးအောက်က ငရဲပြည်ထိအောင် ဖြောင့်တန်းစွာ ချတော်မူတယ်။

ဒီလိုအချိန်မှာ ငရဲပြည်ရဲ့သွေးအိုင် ထဲမှာ ကန္ဒတ္တဟာ တခြားငရဲသားတွေနဲ့ အတူ မြုပ်ချည်ပေါ်ချည်ကူးခတ်နေရ တယ်။ ငရဲပြည်ဟာ အရပ်မျက်နှာအား လုံး မှောင်အတိဖုံးနေတယ်။ အပ်တောင် ကြီးတွေက ၀င်းဝင်းလက်လက်ထွက် လာတဲ့အပ်ချောင်းတွေရဲ့အလင်းရောင် ကိုသာ စိတ်အားငယ်စွာမြင်နေရတယ်။ ငရဲပြည်အထပ်ထပ်မှာ နည်းမျိုးစုံနဲ့နှိပ် စက်ညှဉ်းပန်းခံနေကြရတဲ့အတွက် ငရဲ သားတွေမှာ ကျယ်ကျယ်လောင်လောင် ငိုကြွေးဖို့ အားမရှိတော့ဘူး။ ညည်းတွား ဖို့သာတတ်နိုင်တော့တယ်။ လူဆိုးကြီး ကန္ဒတ္တလည်း သွေးအိုင်ထဲမှာ ရှိုက်ကာ ငင်ကာနဲ့ သေလုမြောပါးဖြစ်နေတဲ့ဖား တစ်ကောင်လို ဆန့်ငင်ဆန့်ငင်ရုန်းကန် နေရှာတယ်။

တစ်ချိန်မှာ ကန္ဒတ္တဟာ သွေးအိုင် ကြီးရဲ့ကောင်းကင်ထက်ကို အမှတ်တမဲ့ မော့ကြည့်လိုက်တယ်။ တိတ်ဆိတ်တဲ့ အမှောင်ထုအတွင်းမှာ ငွေအဆင်းလို လင်းလင်းလက်လက် ပင့်ကူမျှင်ကလေးက သူ့ခေါင်းပေါ်ကို တဖြည်းဖြည်းကျလာ နေတာတွေ့ရတယ်။ သူဟာ လက်ခုပ် လက်ဝါးတီးပြီး အပျော်ကြီးပျော်သွား တယ်။ ဒီပင့်ကူမျှင်ကလေးကိုသာတွယ် တက်သွားရင် ငရဲကလွတ်မြောက်မှာ အသေအချာပဲ။ ငါတက်ရင် တက်နိုင်သလောက် ကောင်းကင်ဘုံထိအောင် ရောက်လိမ့်ဦးမယ်။ ဟန်ကျပြီဆိုပြီး ပင့်ကူမျှင်ကလေးကို ဖမ်းဆုပ်၊ အထက် ကိုရောက်သည်ထက်ရောက်အောင် တွယ်တက်တော့တယ်။ အရင်ဘ၀က သူခိုးဓားပြအဖြစ် ကျင်လည်ခဲ့ရသူ မဟုတ်လား။ ကန္ဒတ္တဟာ တွယ်တက် ရာမှာ အထူးကျွမ်းကျင်သူ ဖြစ်တယ်။ တော်တော်ခရီးရောက်လာတယ်။ ဒါပေမယ့် ငရဲပြည်နဲ့ ကောင်းကင်ဘုံဆိုတာ ယူဇနာပေါင်းများစွာကွာဝေးတာကိုးဗျ။ ဘယ်လွယ်လွယ်နဲ့ ရောက်နိုင်ပါ့မလဲ။ တက်ရင်းတက်ရင်းနဲ့အမောဆို့လာတယ်။ ဒါကြောင့် ပင့်ကူမျှင်အလယ်မှာ တွဲ လောင်းခိုရင်း ခဏတစ်ဖြုတ်နားလိုက် တယ်။ နောက် အောက်ကို လှမ်းကြည့် လိုက်တယ်။

ငရဲဟာ အမှောင်ထုကြီးအဖြစ်နဲ့ အဝေးကြီးမှာ ကျန်ခဲ့တယ်။ ငရဲခံရ က တည်းက ရယ်မောခြင်းကို မေ့လျော့နေတဲ့ ကန္ဒတ္တဟာ ပင့်ကူမျှင်ကိုတွယ်ခိုရင်း အောင်ပြီ အောင်ပြီနဲ့ ကြွေးကြော်ပြီး တဟားဟား အော်ရယ်ပစ်လိုက်တယ်။ ရယ်သံအဆုံးမှာ သူသတိထား လိုက်မိတာက သူ့နောက်က ပင့်ကူမျှင်ကိုတွယ် တက်လိုက်လာနေတဲ့ တခြားငရဲသား တွေကိုပဲ။ ပုရွက်ဆိတ်တန်းကြီးနဲ့ တောင်တူနေသေးတယ်။ ငရဲသား ထောင်ပေါင်းများစွာဟာ တရွေ့ရွေ့ တွယ်တက်လာနေကြတယ်။ ကန္ဒတ္တဟာ ရုတ်တရက် အံ့အားသင့်ပြီး ထိတ်လန့်သွားတယ်။ များပြားလှတဲ့ငရဲသား တန်းကြီးရဲ့ အလေးချိန်ကိုမခံနိုင်ဘဲ ပင့်ကူမျှင်လေး ပြတ်သွားမှာကို စိုးရိမ် လာတယ်။ ငရဲကို ကျွမ်းပြန်ကျပြီး ဒုက္ခထပ် ခံစားရမှာကို ပူပန်လာတယ်။ ဒါကြောင့် ကန္ဒတ္တက ကျယ်လောင်တဲ့ အသံကြီးနဲ့ ဟေ့ကောင်တွေ၊ ငရဲသား တွေ ဒီပင့်ကူမျှင်က ငါ့ဟာကွ။ မင်းတို့ တစ်တွေ ဘယ်သူ့ကို ခွင့်တောင်းပြီး တက်လာကြတာလဲ။ ဆင်းကြစမ်း၊ ဆင်းကြစမ်းလို့ အော်ဟစ်ကြိမ်းမောင်း လိုက်တယ်။

အဲဒီလိုအချိန်ကလေးမှာပဲ ဘာမှ မဖြစ်ခဲ့တဲ့ ပင့်ကူမျှင်ကလေးဟာ ကန္ဒတ္တ တွဲလောင်းခိုနေတဲ့နေရာ အထက်နားဆီက ဖျတ်ခနဲ ရုတ်တရက် ပြတ်ကျသွားတယ်။ ကန္ဒတ္တအပါအ၀င် ငရဲသားအားလုံးလည်း လေထဲမှာ ဝေ့ကာပတ်ကာ ချာချာလည်ရင်း ငရဲတွင်းထဲကို ပြန်ဆင်းသွားတော့တယ်။

ကျွန်တော် သိပ်ကြိုက်တဲ့ ၀တ္ထုလေးပေါ့ဗျာ။ ဒီဇာတ်လမ်းမှာ ဘုရားသခင်က ကန္ဒတ္တကို ဘာကြောင့်မကယ်တင် နိုင်ရတာလဲလို့မေးရင် ခင်ဗျား ဘယ်လို ဖြေမလဲ။ ဟုတ်ကဲ့၊ ခင်ဗျားဖြေတာ မှန်ပါတယ်။ သူ့ရဲ့ အတ္တတစ်ခုတည်းကို ဦးစားပေးပြီး တစ်ကိုယ်တော်လွတ်မြောက် ချင်တဲ့ စိတ်ဓာတ်ကြောင့်ပါ။ တကယ်လို့ သူသာနည်းနည်းလေးပိုပြီး သဘော ထားကြီးလိုက်ရင် သူရောအများပါ လွတ်မြောက်နိုင်တာပေါ့။ “ကြီးကျယ် မြင့်မြတ်သောအလုပ်များကို ခွန်အား ဗလဖြင့်တည်ဆောက်ခဲ့ကြခြင်း မဟုတ်။ ကြီးမြတ်သောစိတ်ဓာတ်ဖြင့်သာ တည်ဆောက်ခဲ့ခြင်းဖြစ်သည်” ဆိုတဲ့စကားလေး ခင်ဗျား ကြားဖူးမယ်လို့ ထင်ပါတယ်။ ကဲ ကျွန်တော်တို့၊ ခင်ဗျားတို့ တစ်ဦးချင်း စီရဲ့စိတ်ဓာတ်တွေကို အခုအခြေအနေထက် နည်းနည်းလေးပိုပြီး မြင့်မြင့် မြတ်မြတ် တွေးခေါ်ကြည့်လိုက်စမ်းပါ။ ဒီလောကကြီး မယုံနိုင်လောက်အောင် တိုးတက်ပြောင်းလဲသွားပါလိမ့်မယ်။


နတ်မှူး