Wednesday, September 8, 2010

ကြိုးညှိခြင်း

ကြိုးညှိခြင်း
.by Kaung Kin Ko on Tuesday, August 10, 2010 at 9:35p

တံလျှပ်တွေထဲမှာ ယုံကြည်ချက်နဲ့
ငါးမျှားခဲ့တဲ့သူ ဖြစ်ဖူးတယ်။
‘အဖြေ’တွေချည်း ‘လှေနံဓားထစ်’ရှိတဲ့ အရာတွေမှာ
‘မေးခွန်း’တွေသာ လိုက်ရှာမိခဲ့။

ပိဋကတ်သုံးပုံထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
သမ္မာကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ဘတ်ဂဗတ်ဂီတာ ထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။
ကိုရန် ကျမ်းစာထဲမှာလည်း
ဘုရားမတွေ့ခဲ့ဘူး။

ငါ့ ရင် ဘယ်ဘက်အခန်းထဲမှာတော့
ဘုရားတဆူ သီတင်းသုံးနေတဲ့
စစ်ဌာန တခုလား?
စစ်ဘုရင်တပါး သိမ်းပိုက်သွားတဲ့
စေတီပျက်တဆူလား?
ထင်ထင်ရှားရှားရှိနေသလိုလို
ဝေဝေဝါးဝါးသိနေတယ်။

သူငယ်ချင်း…
ဒီည…ငါ…တရားမနာတော့ဘူး၊
ကိုယ့်ရင်ခုန်သံကိုယ် ပြန်နာရဦးမယ်။

ကောင်းကင်ကို

Monday, September 6, 2010

ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး

ဘုရားခေတ်က ကလေးတစ်ယောက်၏ မျက်လုံး - .... ခရစ်နှစ် ၂၀၀၁ ခုနှစ်ကနေ၂၀၀၄ အထိ သုံးနှစ်ကျော် အချိန်ယူပြီး ရေးခဲ့ရတဲ့ ကဗျာ.by Wei Hmu Thwin on Monday, September 6, 2010 at 4:16pm.
ဝေမှူးသွင်

။ ၁ ။
နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေး ကျောက်တိုင်တစ်တိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်းမတစ်ယောက်နဲ့
လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဥာဏ်နည်းသူများဖတ်ဖို့....
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။

။ ၂ ။
ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ပညာရှိကြီးများခင်ဗျား...
ဂျင်းရှပ်ကို သိပါသလား။
ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား။
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။
တတိယ ကမ္ဘာ
တတိယ လှိုင်း
တတိယ လိင်
အိုး...ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။
ဒီနေ့ရဲ့ကောက်ကွေ့တဲ့ မြစ်ကမ်းဘေး
ငါ ထိုင်ငေးနေမိတယ်။
အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့....
အခု လူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့....
တူတာတစ်ခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်။

ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။


။ ၃ ။
ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေ တဲ့
မောင်ချောနွယ် တဲ့
ခင်ဝမ်း တဲ့
တင်မိုး တဲ့
ဖော်ဝေး တဲ့
မင်းကိုနိုင် တဲ့
ထူးအိမ်သင် တဲ့
လှသန်း တဲ့
ရွှေဘုန်းလူ တဲ့
မိုးသီးဇွန် တဲ့
ပိုင်သ တဲ့....။

ရက်စက်သော နှလုံးသားတွေနဲ့၊
စစ်ဖိနပ်သံများနဲ့၊
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။

စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။
ချာတိတ်တွေ
ချဲထီရောင်းသူရောင်း
ဘောလုံးပွဲ လောင်းသူလောင်း၊
သံဃာတော် တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့။

ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဘာကြီးကို အမဲလိုက်.လိုက်
ဖြစ်တည်မှု ပဓာန၀ါဒကို အရသာခံလိုက်....
ခေတ်ကြီးကလည်း
အပြောင်းအလဲ မြန်လွန်းတယ်။
မနေ့တုန်းက ၀န်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
(၂၆)နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။

မျက်စိတစ်မှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ။

။ ၄ ။
သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်။
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်းမဟုတ်ဘူး။
ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်။
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်။
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်။

သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာတွေအတွက်
ကျောင်းသား သမဂ္ဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။

ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်။
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်။
ငါတို့ကရော
ဘာတွေကို ဘယ်လိုထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။

။ ၅ ။
ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့၊
ရုရှားဘာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့၊
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွဲရမယ် တဲ့။
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ။

ရန်ကုန်ဟာ ဘဂ္ဂဒက်လို
အဆောက်အအုံတွေ မပျက်စီးတာကလွဲရင်
ကျန်တဲ့ ပျက်စီး မှုမှာ
ဘယ်သူမှ လိုက်မမီတော့ဘူး။

အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးတစ်ယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ။



။ ၆ ။

နိုင်ငံတကာ အရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓါတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ....
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်းလား။

ဟိုး အဝေးကြီးဆီမှာ
အမြင့်ပျံငှက်တစ်ကောင်၊
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတစ်ခု၊
သွေးဆာနေသော ဓားမြှောင်တစ်ချောင်း၊
သေနတ်ပြောင်းတွေကို

မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတစ်လုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံး ကြက်ခြေခတ်ထားသူတစ်ယောက်...
သူ့မှာ စိတ်ဓါတ်ကလွဲလို့
ကျန်တာ ဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး။
ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့။

။ ၇ ။
ရန်လိုနေသော အနုပညာနဲ့
ဘုရားသခင်နဲ့ ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတစ်ယောက်နဲ့
အာခေါင်ကို မီးမြှိက်ထားသော ကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါ ပြဋ္ဌာန်းရမယ်။
လရောင်မှာပွင့်တဲ့ ပန်းတွေလား။
ဆူးချုံကြားက နေ့စွဲတွေလား

နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်နှိပ်ဝတ်ဆင်ကြပါစေ။


။ ၈ ။
ထူးဆန်းသော လိပ်ပြာတစ်ကောင်
အနက်ရောင်သွေးစက်များ
အစဉ်အလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပါပြီ။
ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ....မှ
တစ်နေ့တော့ ဖြစ်လာမှာပါ....အထိ
ငါက တင်ဆက်နေမိတယ်။

ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါ ပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကို နဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီကိုးကစ်မင်းရဲ့ လိင်ဆန္ဒအတွက်
တစ်ညလောက် အဖြည့်ခံဖြစ်ချင်တယ်။
ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဘာမြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။
အပျော်တမ်း ဖဲကစားဖို့....
အပျော်တမ်းငရဲသွားဖို့.....
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့ .....။

။ ၉ ။
အလို - ဟိုမှာ
ဘုရားခေတ်က
ကလေးတစ်ယောက်လို မျက်လုံးနဲ့
သူတို့ငါ့ကို ချောင်းကြည့်နေကြလေပြီ။ ။

ဝေမှူးသွင်

(ဒီကဗျာကို လက်ျာသုဒ္ဒရ နာမည်နဲ့ ၂၀၀၄ခုနှစ်တုန်းက ကဗျာဆရာတွေဖြစ်တဲ့ လှသန်း၊ ၀င်းမြင့်၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ နှင်းဝတ်ရည်သောင်းတို့ လေးယောက်ကို လက်ဆောင်ပေးဖူးကြောင်း ကျွန်တော့်ဒိုင်ယာရီထဲမှာ မှတ်တမ်းရှိတယ်။)

Saturday, September 4, 2010

တဘ၀ သို့မဟုတ် တခဏ

မောင်ပြုပြင် (ကျုံပျော်)

မျက်လုံးတွေက
စူးစူးရှရှ၊ တောက်ပလက်လက်။

မေးရိုးတွေက
ထောင်ထတင်းတင်း
သွားခြင်းထိကပ်။

လက်ချောင်းများ
အားအင်ရှိသမျှ
ညှစ်ချယူသွား
ဆုတ်ထားကျစ်ကျစ်။

မျက်နှာအောက်သိုး
ရှစ်ခေါက်ချိုးနှင့်
ဆိုးဆိုးဝါးဝါး မျက်နှာများ။

ငြိမ်သက်တိတ်ဆိတ်
မမှိတ်မသုန်
အာရုံစူးစိုက်၊ ရပ်နေလိုက်ကြ။

ကျီးပြိုသံ
တော်လဲသံ
ဆူညံပွက်ထ
တခဏတွင်။ ။

မောင်ပြုပြင် (ကျုံပျော်)

Thursday, August 12, 2010

ခေတ်ရှို့မီးများ

ခပ်ဝေးဝေးဆီက
လင်းခနဲ လက်သွားတဲ့ အရာ
သူ့ကို ငါမေးကြည့်တယ်

“ခင်ဗျားသွားတွေ
ဘာကြောင့် သည်လောက်ဖြူနေသလဲ
အိုဘားမား”
ဟော ကြည့်
သူ လှစ်ခနဲ ပြုံးလိုက်ပုံက
သွားတိုက်ဆေးတွေ ပရိုမိုးရှင်းဝင်ချင်စရာ
ဟေ့... ဟေ့... ခဏ
ပထမဆုံး
လူမည်း အမေရိကန်သမ္မတ အနေနဲ့
ဘာပြောချင်သလဲ
“အသားအရောင် ခွဲခြားမှုအကြောင်းလား
အော်ပရာ့ကို လှမ်းမေးလိုက်ပေါ့”
လျှပ်ပြက်သလို သူ
ရုတ်ခြည်း ကွယ်ပျောက်သွားတယ်။

အဖြူ အမည်း ကာလာနှစ်ခုကြားမှာ
ဗမာတွေက နနွင်းရောင်ခြယ်ထားတယ်
နေ၀င်ခါနီး ဆည်းဆာလိုပေါ့
ပုစွန်ဆီရောင် လိမ်းကျံထားခဲ့
တစ်နေ့တုန်းဆီက ဗမာ့စာမျက်နှာပေါ်
ခေတ်ရေစီးကြောင်း ဖြတ်ပြေးခဲ့သတဲ့
လှစ်ခနဲ မကြည့်မိပါစေနဲ့
နွေလယ်မှာ မိုးကြိုးပစ်ချတာထက် ဆိုးရွားတယ်
“သမီးက
ဗမာလူမျိုးလေ... ဟင်းဟင်း...”
ကျောပြင်မှာ
လေယာဉ်ကွင်းဆောက်နေကြတာ
ဗမာတဲ့လား
အင်းလေ...
ဓလေ့ဟာ တိုင်းရင်းသားကျေးရွာမှာရှိပြီး
ရိုးရာဟာ ယဉ်ကျေးမှုတက္ကသိုလ်ရဲ့
ပန်းပုရုပ်တွေဆီမှာ ကျန်နေသေးတယ်
ဖော်ရိန်နာ တစ်ယောက်ယောက်ကို
လမ်းညွှန်ပေးလိုက်ကြပါ။

လီယိုနာဒိုဒါဗင်ချီရေ
ရှင် ဆွဲခဲ့ဖူးတဲ့
မိုနာလီဇာ အပြုံးဟာ
အစစ်လား၊ အတုလား
ခနဲ့ပြုံးလား၊ အီပြုံးလား
“.............”
ကွန်နက်ရှင်
ပြတ်တောက်သွားတော့
သံယောဇဉ် ဖြတ်ပစ်လိုက်ရတယ်
အင်းလေ...
အပြုံးမှာ
ဒက်ဖနေးရှင်းမှ မလိုပဲ
လုပ်ပြုံးမဖြစ်ဖို့သာ အာရုံစိုက်ပေါ့
မြန်မာပြည်မှာလည်း
အပြုံးစစ်တွေ ကျန်ပါသေးရဲ့
နှစ်ထပ်ဘုန်းကြီးကျောင်းဆောင်က
ကိုရင်လေးတွေဆီမှာလေ။

ပျံသန်းဆဲ ငှက်တစ်ကောင်ကို
မေးဖူးတယ်
အနုပညာ လက်ဦးဆရာ
ဘယ်သူလဲပေါ့
“ဆရာ မလိုဘူးဗျ၊ ရင်ဘတ်ရှိရင် ရပြီ” တဲ့။
ဟေ့...
အရင်က ဘတ်ထားတဲ့ ငွေကိုပြောတာလား
သူ့နှုတ်ခမ်းတွေ ကောင်းချီးပေးသွားတယ်
မကြားလိုက်မိတာတော့ နာသား။
အင်း...
အနုပညာဆိုတာ အခကြေးငွေပေးရတဲ့
KTV လည်း မဟုတ်ဘူး
တစ်ခါသွားရုံနဲ့ စိတ်ကို ရေချိုးပေးမယ့်
Massage ခန်းလည်း မဟုတ်ဘူး
ကိုယ်သိမ်းထားတဲ့ ဖလင်ကို
ပုံမပျက်စေဘဲ သည်တိုင်းဆွဲထုတ်ပြလိုက်
Photoshop မလုပ်ဖို့တော့ လိုတာပေါ့လေ
စတိုခန်းကိုလည်း ခြမစား သင့်ဘူးပေါ့
သိပ်ပြည့်ဝ တတ်လွန်းရင်
အနုပညာတွေ သိုးနံ့ ထွက်ကုန်လိမ့်မယ်။

ရာဇ၀င်မှာ
အပြုံးစစ်တွေ ရှိခဲ့
ရိုးရာဓလေ့တွေ ကခုန်လို့
ယဉ်ကျေးမှုတွေ စီးဆင်း
သုခုမသဘင် မီးတောက်ခဲ့တယ်
ခေတ်မီတာ ရာဇ၀င်နဲ့ အံဝင် ခွင်ကျဖို့ထိ
မလိုပါဘူး
လက်နဲ့ရေးတာ ခြေနဲ့ မဖျက်ဖို့တော့
လိုတာပေါ့
အမွေအနှစ်ဟာ
ပြတိုက်ထဲက ပစ္စည်းဆိုရင်
ခိုးယူ သွားနိုင်သေးတယ်
မြန်မာ့ အမွေအနှစ်ဟာ
ဗမာတွေဆီမှာ
ရောင်ပြန်ဟပ် နေသင့်သေးတာပေါ့။

ခေတ်ဆိုတာ ရေစီးသန်တဲ့ မြစ်ပါ
သိပ်ပြေးလွန်းရင် ၀ဲထဲ နစ်တတ်တယ်
တန့်နေရင်လည်း မြုပ်သွားလိမ့်မယ်
ကဏန်းလို ဘေးတိုက်မသွားဖို့တော့
လိုတာပေါ့
အတောင်ဖြတ် ခံထားရလို့
ကောင်းကင်ကို မုန်းတီးနေမယ့်အစား
ကိုယ်ပိုင်တဲ့ မြေကြီးပေါ်
ခုန်ဆွ ခုန်ဆွ သွားကြည့်ပါ။

ခြေထောက်တွေ ပိုင်ဆိုင်နေသေးတာ
အားတစ်ခုပဲ မဟုတ်လားလေ။



လင်းစက်နွယ်

Sunday, May 2, 2010

”နာဂစ်အလွန် နှစ်ဘူတာ”

ဆောင်းယွန်းလ

နာဂစ်ချန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေအောက်မှာ
ဘဝတွေကို လင်းလက်ပေးစေမယ့် နေရောင်က
တစက်ကလေးမှတောင် မထွက်ခဲ့သေးဘူးတဲ့...

နာဂစ်လေ..
လွန်ခဲ့တဲ့နှစ်နှစ်က တလဟောဝင်ပစ်သွားတဲ့
နာဂစ်ကျည်ဆံတွေရဲ့အောက်မှာ
မိဘပျောက်သားသမီးတွေသာ ကျန်ရစ်ခဲ့ပြီး
သားသမီးပျောက်မိဘတွေလည်း ကျန်ရစ်ခဲ့တယ်...

နာဂစ်ဟာ..
ကျောင်းဆရာမရှိတဲ့ စာသင်ခန်းကိုထားခဲ့ပြီး
စာသင်ခန်းမရှိတဲ့ ကျောင်းဆရာကိုထားရစ်ခဲ့တယ်....

လူမရှိတော့တဲ့ တဲပျက်အိမ်ပြိုတွေကိုထားခဲ့ပြီး
အိမ်မရှိတော့တဲ့ လူတွေကိုလည်းထားရစ်ခဲ့တယ်...

သစ်ပင်မရှိတော့တဲ့ လမ်းပြိုလမ်းပျက်တွေကိုချန်ခဲ့ပြီး
လမ်းမရှိတော့တဲ့ သစ်ပင်အပြိုတွေကိုလည်းချန်ရစ်ခဲ့တယ်...

ငါးတွေမရှိတော့တဲ့ မြစ်အသေကိုစီးဆင်းစေခဲ့ပြီး
မြစ်မရှိတော့တဲ့ ငါးအသေတွေကိုလည်းစီးဆင်းစေခဲ့တယ်...

လယ်ယာမရှိတော့တဲ့ တောရွာတွေကိုစိုက်ပျိုးထားခဲ့ပြီး
တောရွာပျောက်သွားတဲ့ လယ်ယာတွေကိုလည်းစိုက်ပျိုးထားခဲ့တယ်...

ကျွဲနွားမရှိတော့တဲ့ လယ်ကွင်းတွေကိုထွန်ယက်ထားခဲ့ပြီး
လယ်ကွင်းမရှိတော့တဲ့ ကျွဲနွားတွေကိုမွေးမြူပေးသွားခဲ့တယ်...

တရားမရှိတဲ့ အခြေခံဥပဒေသစ်ကိုရေးဆွဲပေးရစ်ခဲ့ပြီး
ဥပဒေမရှိတဲ့တရားကို သူ့ရဲ့မွေးစားသားအဖြစ်ထားရစ်ခဲ့တယ်...

နာဂစ်အလွန် နှစ်ဘူတာမှာတော့
လူညာတွေစုရုံး တိုင်းပြည်ကို ဂတုံးတုံးနေကြတယ်...

ဆောင်းယွန်းလ

Saturday, March 20, 2010

ငြိမ်သက်ခြင်းအတူတူ

မောင်ပြုပြင် (ကျုံပျော်)

တစ်ပင်ထဲ
အမြင်ကွဲ
အဆင်လဲမတူ
စိမ်းသူကစိမ်းနုရွက်
နေရာကွက်၊ ဝါရွက်တချို့
ရင်ထဲဆို့မိ၊ ခံစားသိလာ
ကြာခဲ့ပါပြီ၊ ရာဇဝင်ဇာတ်လမ်း
သိပ်ကိုဆန်းတယ်၊ ဇြတ်သန်းရှည်ကြာ
ရင်ထဲမှာ.....................
ရင်ထဲမှာ.....................
သုညဟာ သုည
ယခုမှပဲ
ကွဲပြားခြင်းတွေသိလာတယ်။

စိမ်းနုရွက်တွေ
ဝေနေပါစေ။
ဝါရွက်တွေ
ကြွေနေပါစေ။
တစ်နေရာမှာအဆုံးသတ်
မြင့်မြတ်ခြင်းတရား
ခင်ဗျားနားလည်
ကျုပ်နားလည်နေ
လူတွေလူတွေ၊ မြေကမ္ဘာရဲ့ရင်ခွင်
ခိုဝင်လျောင်းစက်
ငြိမ်သက်ခြင်းက အတူတူ။ ။

မောင်ပြုပြင် (ကျုံပျော်)
၂၁။၀၃။၂၀၁၀ ကဗျာဆရာများနေ့အတွက် အမှတ်တရ

Tuesday, March 9, 2010

ဗိုလ်အောင်ဒင်လို ရယ်လိုက်ချင်တယ်

မောင်ပြုပြင် (ကျုံပျော်)

တာယာကြိုးပြတ်
ခုံဖိနပ်တစ်ရံ။
ခုံဖိနပ်ရဲ့ဘဝ။
'သရက်သား' က၊ စခဲ့တယ်။

ကြိုးပြတ်တဲ့
ခုံဖိနပ်ရဲ့ဘဝ
ပြန်လှပစွာ
ကတ္တီပါကြိုးတပ်
ခုံဖိနပ်...........
'ခွပ်' ဆိုတဲ့ အသံပျောက်မလား။

ဒီသဘော
တွေးတောကြည့်ပါ
ရယ်စရာတွေ
ဖြစ်နေသလိုပဲ။ ။

မောင်ပြုပြင် (ကျုံပျော်)
စစ်အာဏာရှင်များမှ ပိတ်ပင်ခံရသောကဗျာကို ပြန်လည်ဖော်ပြပေးပါသည်။

Wednesday, January 27, 2010

အဖေသို့

သျှင်နောင်ထွဏ်း

အဖေက..
ကျနော်ကို...
ပညာတတ်ဖြစ်စေချင်တယ်..
တက္ကသိုလ်ရောက်စေချင်တယ်..
ဘွဲ့ရတာကိုမြင်ချင်တယ်။
အမှန်တရား မိုးကောင်ကင်ထဲမှာ
လရောင်တွေဆိတ်သုဉ်း
မျက်ရည်တွေဖုံးနေတဲ့ဘဝများအတွက်
ယုံကြည်ချက်မိုးတိမ်တွေက
မျှော်လင့်ခြင်းကြယ်စင်တွေနဲ့
လက်ဆွဲနှုတ်ဆက်ချိန်မှာ.....
အဖေရယ်...
ကျနော်..
ကျောင်းသားသူပုန်ဖြစ်သွားတယ်။ ။

သျှင်နောင်ထွဏ်း

Monday, January 11, 2010

စီတီဒဗလျူ




“မင်္ဂလာပါရှင်၊ ဟာရိုးရော်ဘင် လေကြောင်းမှ ကြိုဆိုပါတယ်” ကျွန်တော်တို့ ခရီးသည်များ လေယာဉ်ပေါ်မှာ နေရာ ယူပြီးသည် နှင့် လေယာဉ်မယ် ချောချောလေးက အပြုံးနှင့် နှုတ်ဆက်သည်။ “ယခု ခရီးစဉ်က စီတီဒဗလျူ ခေါ်တဲ့ စာရေးဆရာ မြို့တော်ကို ပျံသန်းမယ့် ခရီးစဉ် ဖြစ်ပါတယ်။ စီတီဒဗလျူနဲ့ ပတ်သတ်ပြီး ကျွန်မ အနည်းငယ် ရှင်းပြချင်ပါတယ်။ ဒီမြို့ရဲ့ ပထမဆုံး မြို့တော်က မစ္စတာအာနိုး ဖြစ်ပါတယ်။ သူဟာ စာအလွန်ဖတ်ပြီး ကမ္ဘာ့ စာပေအရပ်ရပ်မှာ နှံ့စပ်သူ တစ်ဦး ဖြစ်တယ်။ နောက် စာရေးဆရာ၊ ကဗျာဆရာများကိုလည်း အင်မတန် လေးစားချစ်ခင်သူ ဖြစ်တယ်။ တစ်နေ့တော့ အစည်းအဝေး တစ်ခုမှာ သူက ဒီလိုတင်ပြလာပါတယ်။

“ကမ္ဘာ့ကြီးမှာ စာရေးဆရာ၊ ကဗျာဆရာ မရှိတဲ့ တိုင်းပြည်ရယ်လို့ မရှိဘူး။ သမိုင်းဆရာက အတိတ်က ဖြစ်ရပ်တွေကို မှတ်တမ်း တင်တယ်။ စာရေးဆရာ၊ ကဗျာဆရာများ ကတော့ လောလောဆယ် အခြေအနေတွေကို ရေးသား ဖော်ကျူးပြီး လူ့လောက တိုးတက်အောင် လုပ်ဆောင် နေသူများ ဖြစ်တယ်။ စာရေး ဆရာ၊ ကဗျာဆရာတွေ ရှိနေသမျှ ကမ္ဘာကြီးဟာ မျှော်လင့်ချက် ပန်းပွင့်တွေနဲ့ ဝေဆာ မွှေးပျံ့နေမယ်။ လူတွေ မေ့လျော့နေတဲ့ အချက်က သမိုင်းပေး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာ တွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဖို့ပါပဲ။ စာပေချစ်သူ တစ်ယောက်အနေနဲ့ ကျွန်တော်က စာရေးဆရာ၊ ကဗျာဆရာ တွေကို အထူးတလည် ဂုဏ်ပြုမယ့် အစီအစဉ်တစ်ရပ် ရေး ဆွဲထားပါတယ်”

သူက ဆက်ပြီး-
“စာရေးဆရာ၊ ကဗျာ ဆရာတွေကို ဂုဏ်ပြုသော အားဖြင့် ကျွန်တော်တို့ မြို့ကို စီတီဒဗလျူ (City of Writers) စာရေး ဆရာမြို့တော်လို့ မှည့်ခေါ်ပါမယ်။ နောက် ကျွန်တော်တို့မြို့ရဲ့ နေရာတွေ၊ လုပ်ငန်းတွေကိုလည်း စာရေး ဆရာ၊ ကဗျာဆရာများ ရဲ့ နာမည်များ နှင်းအပ်သွားမှာ ဖြစ်ပါတယ်။ ဥပမာ တော်လ် တွိုင်း မြို့တော်ခန်းမ၊ ရှိတ်စပီးယား တက္ကသိုလ်၊ ချက်ကော့ဗ် ဆေးရုံ၊ အာသာဟေ လီလေဆိပ်၊ ဟာရိုးရော်ဘင် လေကြောင်းလိုင်း၊ ဂေါ်ကီ လမ်းမ စသဖြင့်ပေါ့။ နောက် လုပ်ငန်း လုပ်ကိုင်လိုသူများ အနေဖြင့်လည်း ဂျက်လန်ဒန်၊ ကားအရောင်း ကုမ္ပဏီ၊ မာယာ ကော့စကီ လျှပ်စစ်ပစ္စည်း ဆိုင် စသဖြင့် မိမိ နှစ်သက်ရာ စာရေးဆရာ၊ ကဗျာဆရာ တို့ရဲ့ နာမည်များ မှည့်ခေါ် သွားရမှာ ဖြစ်ပါတယ်။ ဒီ အဆိုကို မြို့နေ လူထုက ထောက်ခံမဲ ပေးရင် ကျွန်တော်တို့ မြို့တော်ဟာ ကမ္ဘာပေါ်မှာ စာရေးဆရာ၊ ကဗျာဆရာတွေကို ထူးထူးကဲကဲ ဂုဏ်ပြုတဲ့ ပထမအဦးဆုံး စာရေးဆရာ မြို့တော် စီတီဒဗလျူဖြစ်လာ ပါမယ်” လို့ ပြောပါတယ်။

“မြို့နေလူထုကလည်း စာရေးဆရာ၊ ကဗျာဆရာတွေ ကို ချစ်ခင်လေးစားကြတော့ မြို့တော်ဝန်ရဲ့အဆိုကို တစ်ခဲ နက် ထောက်ခံကြတယ်။ ဒါနဲ့ မြို့တော်ဟာ စီတီဒဗလျူ လို့ အမည်ရတဲ့ စာရေးဆရာ မြို့တော် ဖြစ်လာပါတယ်။ မြို့တော်ရဲ့ နေရာအသီးသီးမှာ လည်း စာရေးဆရာ၊ ကဗျာ ဆရာတွေရဲ့ နာမည်တွေ ပလူ ပျံလာပါတယ်။ ဒီမြို့တော်ရဲ့ အဓိက ၀င်ငွေရတဲ့ စီးပွားရေး လုပ်ငန်းက ဟိုတယ်နဲ့ ခရီး သွားလာရေးလုပ်ငန်းပါ။ ကမ္ဘာအရပ်ရပ်က စာပေချစ် သူတွေဟာ စီတီဒဗလျူကို နှစ်စဉ် အမြောက်အမြား လာ ရောက်ကြတယ်။ သူတို့ချစ် တဲ့ စာရေးဆရာ၊ ကဗျာဆရာ တွေရဲ့နာမည်နဲ့ နေရာတွေကို လှည့်ပတ်ကြည့်ရှုကြတယ်။ ကိုယ်လေးစားတဲ့ စာရေး ဆရာ၊ ကဗျာဆရာတွေကို ထိုက်ထိုက်တန်တန် ဂုဏ်ပြု ထားတာကို ကြည့်ပြီး စီတီ ဒဗလျူကို လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ ဟာ အတော် နှစ်ထောင်း အားရဖြစ်ကြတယ်။ဒါကတော့ စီတီဒဗလျူရဲ့ သမိုင်းအကျဉ်း ဖြစ်ပါတယ်။ မကြာမီ ကျွန်မတို့လေယာဉ်ကြီးဟာ စီတီဒဗ လျူကို စတင်ပျံသန်းတော့မှာ ဖြစ်ပါတယ်။ စီတီဒဗလျူမှာ လူကြီးမင်းတို့ ပျော်ရွှင်ချမ်း မြေ့နိုင်ပါစေ”

ကျွန်တော့်ဘေးမှာ ထိုင်နေသူက မိုးဝေခေတ်က နာမည်ကျော် စာရေးဆရာမာန်မြင့်ဖြစ်သည်။ သူက အရပ်ထောင်ထောင် မောင်းမောင်းနှင့် ခန့်ညားသော ရုပ်ရည်ရှိ ပြီး ဥရောပ ၀တ်စုံဖြင့် အတော် သားနားနေသည်။ သူ၏ မြန်မာပြည်တွင် လုပ်သည်နှင့် အခြား ၀တ္ထုတိုများကို အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုခဲ့သည်။ ထိုစာအုပ်ကို ဖတ်ပြီး စီတီဒဗလျူမှ ဟိုတယ်လုပ်ငန်း ရှင်များက မာန်မြင့်ကို သဘော အကျကြီး ကျသွား ကြသည်။ သို့နှင့် သူတို့၏ ပင်လယ် ကမ်းခြေဟိုတယ် တစ်ခုကို မာန်မြင့် ကမ်းခြေ ဟိုတယ်(Marn Myint Beach Resort) အဖြစ် မှည့်ခေါ်ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့နှင့် ထိုနာမည်ကျော် စာရေးဆရာကို ဟိုတယ်ဖွင့်ပွဲ တက်ရောက်ရန် အတွက် ဖိတ်ခေါ်လိုက်သည်။ ဒေါ်လာ တစ်ထောကြီး ပွသွားသော ထိုစာရေး ဆရာက “မင်းလိုက်ခဲ့ဦးကွ” ဟု လက်တိုလက်တောင်း ခိုင်းရန် ကျွန်တော့်ကို အပါခေါ်သည်။

ကမ္ဘာကျော် စီတီဒဗလျူသို့ ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ သွားရမည့် အခွင့်အရေးကို ဘယ်သူက လက်လွတ်ခံမည်နည်း။
သို့နှင့် ဆရာမာန်မြင့်နှင့် အတူ ကျွန်တော်က လေယာဉ် ပေါ်သို့ ရောက်ခဲ့ရသည်။ ဟာရိုးရော်ဘင် လေကြောင်းလိုင်းမှ လေယာဉ်မယ်လေး များမှာ လှပသလောက် အလွန် ဖော်ရွေသည်။ လေယာဉ်ပေါ် ကျွေးသော အစားအစာ များမှာလည်း အရသာ ထူးကဲလှသည်။ ပင်ပန်းနွမ်းနယ် ခြင်းမရှိဘဲ ဒေသစံတော်ချိန် ညနေ ခြောက်နာရီခန့်တွင် ကျွန်တော်တို့ လေယာဉ် စီတီဒဗလျူ၏ အာသာဟေလီ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ လေဆိပ်တွင် ကျွန်တော်တို့ကို လာကြိုသူများ အဆင်သင့်ရောက်နှင့်နေသည်။ မြို့ထဲသို့ ကားဖြင့် လာခဲ့ကြရာ နာရီဝက်ခန့် အကြာတွင် ကျွန်တော်တို့ တည်းခိုရမည့် ရွှေဥဒေါင်း ဟိုတယ်သို့ ရောက်လာသည်။

ရွှေဥဒေါင်း ဟိုတယ်မှာ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် တစ်ခုဖြစ်သည်။ မြန်မာပြည်မှ နာမည်ကျော် စာရေး ဆရာကြီး ရွှေဥဒေါင်းကို ဂုဏ် ပြုသော အားဖြင့် ရွှေဥဒေါင်း ဟိုတယ်ဟု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ဟိုတယ် အ၀င်ဝတွင် ဆေးတံသောက်နေသော ဆရာကြီးရွှေဥဒေါင်း၏ ရုပ်တုကြီးကို တွေ့လိုက်ရာ ကြည်နူးစိတ်ဖြင့် ကျွန်တော့်မှာ တုန်လှုပ်သွားသည်။
ဆရာကြီးသာ သက်ရှိထင်ရှား ရှိခဲ့လျှင် သူ့ကို ဂုဏ်ပြုမှည့် ခေါ်ထားသော ဤဟိုတယ် ကြီးကိုကြည့်၍ ဘယ် လောက်များ ၀မ်းသာအားရ ဖြစ်လိုက်မည်နည်း။ ထိုနေ့ ညစာကို ဟိုတယ် လုပ်ငန်းရှင်များက ကျွန်တော်တို့အား ဤဟိုတယ်ရှိ သော်တာဆွေ ခန်းမမှာ တည်ခင်း ဧည့်ခံသည်။ စာရေးဆရာကြီး သော်တာဆွေကို ဂုဏ်ပြု မှည့်ခေါ်ထားသော ခန်းမဖြစ်ပြီးခန်းမ အလယ်ခေါင်က ရေပန်းများကြားတွင် ဆရာ သော်တာဆွေ၏ ပုံတူရုပ်တုကို တွေ့ရ သည်။ သော်တာဆွေမှာ ဆရာကြီး ရွှေဥဒေါင်း၏ တပည့်ရင်း ဖြစ်သည်။ သူတို့ ဆရာ တပည့်နှစ်ဦးကို ဟိုတယ်တစ်ခု အတွင်း ယှဉ်တွဲ တွေ့ရသည်မှာ စီတီဒဗလျူမှ လူကြီးများ၏ စိတ်ကူး ကောင်းမှုဟု ယူဆနိုင်သည်။ ဆရာ သော်တာဆွေ၏ ရုပ်တု ရှိရာသို့ အရက်ခွက်ကို မြှောက်လိုက်ပြီး ဆရာ ကောင်းရာ သုဂတိလားပါစေဟု ကျွန်တော် ဆုတောင်းနေမိသည်။ ထိုညက ဆရာ မာန်မြင့်နှင့် ကျွန်တော်တို့ နှစ်ဦးစလုံး တော်တော်နှင့် အိပ်မပျော်။ ဆရာကြီးရွှေဥဒေါင်းနှင့် ဆရာသော်တာဆွေတို့၏ စာများအကြောင်း ညဥ့်နက်သည် အထိ ပြောဖြစ်ခဲ့ကြသည်။


နောက်တစ်နေ့ မနက်စာကို မန္တလေး မုန့်တီဖြင့် ဧည့်ခံသည်။ မုန့်တီမှာ လျှာစွဲအောင် ကောင်းလှသည်။ ဆရာ မာန်မြင့်မှာ အလွန် စပ်စုသူ ဖြစ် သည်။ “မန္တလေး မုန့်တီကို ဒီမှာ ဘယ်လို ခေါ်သလဲ မသိ ဘူးကွ။ မေးကြည့်ရအောင်” ဆိုပြီး ဟိုတယ် စားပွဲထိုးကို မေးနေသည်။ စားပွဲထိုး ကောင်လေးက “ချောအိမာန် မန္တလေး မုန့်တီလို့ ခေါ်ပါ တယ်ခင်ဗျာ” ဟုပြန်ဖြေသည်။ ဆရာမာန်မြင့်က လက်မ ထောင်လိုက်ပြီး “တွေ့တယ် မဟုတ်လား၊ ငါတို့ မာန်တွေ စီတီဒဗလျူမှာ ကောင်းစား နေတယ်ကွ” ဟု ဂုဏ်ပြု ၀င့်ကြွားစွာ ပြောလိုက်သည်။ ထိုနေ့ တစ်နေ့လုံးကို စီတီ ဒဗလျူကို လည်ပတ်ရမည့် နေ့အဖြစ် သတ်မှတ်ပြီး ဟိုတယ် လုပ်ငန်းရှင်များက ကျွန်တော်တို့ကို ကားတစ်စီးနှင့် ဧည့်လမ်းညွှန် တစ်ယောက် ပေးထားသည်။ ကျွန်တော်တို့က မြန်မာ စာရေးဆရာနှင့် ကဗျာ ဆရာများ၏ နာမည်နှင့် နေရာများကို လိုက်ပို့ရန် ပြောလိုက်သည်။

သို့နှင့် ကျွန်တော် တို့ကားသည် ပန်းခြံကြီး တစ်ခုထဲသို့ ရောက်လာသည်။ ပန်းခြံ၏ အ၀င်ဝမှာ မှိုင်း ငြိမ်းချမ်းရေး ဗိမာန်ဟူသော ဆိုင်းဘုတ်ကြီး တွေ့ရသည်။ ကားထဲမှ ဆင်းလိုက်ကြရာ မွှေးပျံ့သော ပန်းရနံ့တို့က ဆီးကြိုနေသည်။ လှပသော ရောင်စုံပန်းများမှာ မနက်ခင်း နေခြည် နုနုအောက်မှာ အလှချင်း ပြိုင်နေကြသည်။ ပန်းခြံ၏ အလယ်တွင် သခင်ကိုယ် တော်မှိုင်းရုပ်ထုကြီးကို တွေ့ရသည်။ ခေါင်းတွင် အုပ် ပေါင်းပေါင်းထားပြီး မြန်မာ ဆန်ဆန် တိုက်ပုံ၊ တောင်ရှည် ပုဆိုးတို့ ၀တ်ဆင်ထားသည်။ ညာလက်ကို ဘေးသို့ဆန့် တန်းထားပြီး ထိုလက်ပေါ် တွင် ငြိမ်းချမ်းရေး ချိုးငှက် တစ်ကောင် နားနေဟန် ထုလုပ်ထားသည်။ ကွမ်းအစ် တစ်လုံး သျှောင်တစ်ထုံးနှင့် ရင်ဖုံး အင်္ကျီ ဖျင်ပင်နီနှင့် ယောထည်ပုဆိုး မင်ကြောင် ထိုးနှင့် အဘိုးက၀ိ ပညာရှိကို သတိရနေမိသည်။ အဘိုး မေတ္တာ စေတနာနှင့် သစ္စာ ဥာဏ်ရောင် နေနှယ်ပြောင်၍ ပြည်ထောင် တစ်လွှား ဝေးမြေ ခြားတိုင် ထင်ရှား ကျော်စော ခဲ့လေပြီ။ ဆရာမာန်မြင့်နှင့် ကျွန်တော်တို့ နှစ်ဦးသား သမိုင်းတွင်သည့် မှိုင်းသခင်ကို ရိုကျိုးစွာ ကန်တော့လိုက် ကြသည်။

ထိုပန်းခြံနှင့် ကပ်လျက်တွင် မြသန်းတင့် သစ်ခွ ဥယျာဉ်ကြီး ရှိနေသည်။ ကမ္ဘာပေါ်ရှိ သစ်ခွပင် အမျိုးမျိုးကို စုဆောင်း ပြသထားသည်။ သစ်ခွပန်းများမှာ ဖြူနီညိုပြာ ရောင်စုံဖြာလျက် အလှပေါ် အယဉ်ဆင့်ပြီး တင့်ချင်တိုင်း တင့်တယ်နေသည်။
ကျွန်တော်တို့နှစ်ဦးသား ကွယ် လွန်သွားရှာပြီဖြစ်သော ဆရာမြကို သတိရနေမိသည်။ သူ့ကို ကျွန်တော် လူချင်း တစ်ခါမှ မတွေ့ဖူးခဲ့။ သို့သော် သူ့စာများမှာ ကျွန်တော်၏ ချစ်သူများ ဖြစ်သည်။ ဓားတောင်ကို ကျော်၍ မီးပင်လယ်ကိုဖြတ်မည် ပင်ကို ရေး ၀တ္ထုက ကျွန်တော့် ရင်ကို လှုပ်ခတ်ခဲ့သည်။ စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီ အိပ်မက်၊ သုခမြို့ တော်၊ အချစ်မိုးကောင်းကင် စသော ဘာသာပြန် ၀တ္ထုများက ကျွန်တော့်ကို ကမ္ဘာ့စာပေ လောကထဲ ဆွဲခေါ်သွားခဲ့သည်။တကယ်တော့ သူသည် အစားထိုး မရသော စာပေ ဥယျာဉ်မှူးကြီး ဖြစ်သည်။ သူ၏ ကြိုးစားအား ထုတ်မှုကို ကျွန်တော် အလွန် အံ့သြသည်။ သူလို စာတွေ အများကြီး ရေးဖို့ မဆိုထားနှင့် သူရေးပြီးသော စာများကိုပင် ကျွန်တော် ကုန်အောင် မဖတ်နိုင်။ သူရေးခဲ့သော စာများသည် ဤသစ်ခွဥယျာဉ်ကြီးထက် ကြီးကျယ်ခန်းနား၍ ဤသစ်ခွ ပန်းများထက် အဆများစွာ လှပသည်။ အိုဥယျာဉ်မှူး အသင် ကား ကမ္ဘာမြေ၏ လာခြင်းကောင်းသူတစ်ဦးဖြစ်ပြီး သင်သေ သွားတော့လည်း လူ့သမိုင်းအတွက် အဖိုးထိုက်တန်ပန်းပွင့်များ ကို ချန်ထားရစ်ခဲ့သူ အံ့ဖွယ်သူရဲကောင်းပါတကား။

ဧည့်လမ်းညွှန်လေးက ကျွန်တော်တို့ကို ငါးထပ် အဆောက်အအုံကြီး တစ်ခုသို့ ခေါ်လာပါသည်။“ဒါ လူထုစာကြည့်တိုက်” ဟု
ပြောသည်။ စာကြည့်တိုက် ရှေ့တွင် လူထု ဦးလှနှင့် ဒေါ်အမာ ဇနီးမောင်နှံ ယှဉ်တွဲ ရပ်နေပုံ ရုပ်တုကြီးကို တွေ့ရသည်။ မြန်မာဆန်ဆန် အလွန် ကျက်သရေ ရှိလှသည်။

“သူတို့ ဇနီးမောင်နှံဟာ တစ်သက်လုံး စာပေ အလုပ်ပဲ လုပ်သွားကြတယ်။ လူထုဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် လူထုဘက်က ရပ်တည်ခဲ့ကြတယ်။ သူတို့ စာတွေမှာ အမှန်တရား ရိုးသားမှုနဲ့ စေတနာတွေကို ရှာဖွေ တွေ့ရတယ်။ ဒါကြောင့်လည်း သူတို့ စာတွေဟာ ဘယ်ခေတ် ဘယ်အခါမှ ရိုးမသွားဘူး။ သမိုင်း တစ်လျှောက် အဖိုးတန် စိန်ပွင့်တွေလို လင်းလက် တောက်ပ နေခဲ့တယ်”

စာကြည့်တိုက်တွင် ကမ္ဘာ့နိုင်ငံ အသီးသီးမှ စာအုပ်အမျိုး မျိုး၊ ကွန်ပျူတာနှင့် စီဒီများစွာ တွေ့ရသည်။ လူများစွာ ဖတ်ရှု လေ့လာ နေကြသည်။ လူထုကား ယခု အချိန်အထိ လူများစွာ၏ နားမျက်စိကို ဖွင့်ပေးနေဆဲ ဖြစ်သည်။ နေ့လယ်စာ စားရန်အတွက် ဧည့်လမ်းညွှန်လေးက စားသောက်ဆိုင်ကြီး တစ်ခုသို့ ခေါ်လာသည်။ ဒီဆိုင်က မြန်မာ ထမင်းဟင်း တော်တော် ကောင်းတယ် ဟုလည်း ပြောသည်။ ဆိုင်နာမည်က ထူးထူးဆန်းဆန်း MOE (G)ZAW MYANMAR FOOD CENTER တဲ့။ ဆိုင်နာမည်ကို ကြည့်ပြီး ကျွန်တော် အတော် ၀မ်းသာသွားသည်။ ဂဇော်ဆိုမှတော့ အရက် အမျိုးမျိုး ရနိုင်မည်။ အရက် ကောင်းကောင်း သောက်ရတော့မည်ဖြစ်၍ အူမြူးနေသည်။

“ဒီဆိုင်ဖွင့်တာ မကြာသေးဘူးခင်ဗျ။ တစ်ပတ်လောက်ပဲ ရှိသေးတယ်။ မြန်မာနိုင်ငံက နာမည်ကြီး ကဗျာဆရာ တစ်ယောက်လာဖွင့်သွားတာ။ ဆံပင်ရှည်ရှည်နဲ့ ရုပ်ကတော် တော်ဖြောင့်တယ်။ ရုပ်ရှင်မင်းသား အောက်မေ့ရတယ်။ ဒီစီတီဒဗလျူက ကောင်မလေးတွေဆို သူ့ကိုမြင်တော့ သည်းသည်းကို လှုပ်နေတာပဲ”

ဧည့်လမ်းညွှန်၏ စကားကြောင့် မိုးဂဇော် ဆိုသော ကဗျာ ဆရာကို စဉ်းစား နေမိသည်။ ဘယ်သူများပါ လိမ့်ဟု တွေးရင်း ဆိုင်ထဲသို့ ၀င်လာရာ စပို့ရှပ်လက်တို ဂျင်းဘောင်းဘီရှည် ၀တ်ဆင်ထားသော ကဗျာ ဆရာမိုဃ်း ဇော်၏ ပုံတူ ရုပ်တုကြီးကပြုံး၍
နှုတ်ဆက်နေသည်။“အရက် ရလား” ဟု မေးရာ “မရပါဘူး ခင်ဗျာ” ဆိုသော အဖြေကြောင့် ထိုယစ်ကောင် ကဗျာ ဆရာကို ဒေါပွမိသည်။ သို့သော် မိုဃ်းဇော်၏ ထမင်းနှင့် ဟင်းက အလွန်ကောင်း ပါဘိ။ ကျွန်တော်တို့ ဗိုက်ကား အောင် စားလိုက်ကြသည်။

ထမင်းစားပြီး ကားဖြင့် လာခဲ့ကြရာ မြစ်ကူး တံတား တစ်ခုသို့ ရောက်လာသည်။ အ၀င်ဝမှာ ရှိသော ဆိုင်းဘုတ် ကို ညွှန်ပြရင်း ဧည့်လမ်းညွှန် လေးက “ဒါ ဗန်းမော်တင်အောင် မြစ်ကူး တံတားလေ” ဟု ပြောပြနေသည်။ “လူတစ် ယောက်ရဲ့သမိုင်းကို ခေတ် ကြီးက သူ့ပခုံးပေါ်တင်ပေး လိုက်တဲ့တာဝန်ကို သူဘယ်လောက် ကျေပွန်အောင် ထမ်း ဆောင်နိုင်ခဲ့သလဲဆိုတဲ့ အချက်နဲ့ တိုင်းတာရမယ်” ဆိုသော ထိုစာရေးဆရာကို သတိရနေမိသည်။ လောကဓံ၏ အထုအထောင်းကို ခံရင်း သူက ခေတ်သစ်ကြီးတစ်ခု ကို ထုဆစ်နေခဲ့သည်။ ယခုတော့ သူက တံတားကြီး တစ်စင်း ခေတ်ဟောင်းနှင့် ခေတ်သစ်ကို ပေါင်းကူး ပေးချင်သော ထိုစာရေးဆရာက တကယ်လည်း တံတားကြီး တစ်စင်းပါ။ ဗန်းမော်တင်အောင် တံတားပေါ်ကို ဖြတ် သွားရင်းက သွေးချင်းချင်းရဲ နေသည့် သူ့ကျောပေါ်က ဒဏ်ရာ ဒဏ်ချက် များကို မြင်ယောင်နေမိသည်။ အို စာရေးဆရာ သင့်သမိုင်းက ဘယ် တော့မှမသေ ကမ္ဘာမြေနှင့် အမျှ ထာဝရ တည်တံ့ နေပါမည်။

ညို့ညို့ဆိုင်းဆိုင်း တော အုပ်ကြီးတစ်ခုသို့ ကျွန်တော် တို့ကားကလေး ရောက်လာ သည်။ “အဲဒီတောအုပ်ကြီးကို မင်းသုဝဏ် ဘေးမဲ့တောလို့ ခေါ်တယ်။ တောအုပ်ရဲ့ ဟိုး နောက်ဘက်က မှိုင်းပျပျ တောင်တန်းကြီးကို တွေ့ တယ်မဟုတ်လား။ အဲဒါ ဇော် ဂျီတောင်တန်းပေါ့” ဧည့်လမ်းညွှန်လေးက ကျွန်တော် တို့ကို ပြောပြနေသည်။ တောအုပ်နှင့် တောင်တန်း၊ တောင်တန်းနှင့် တောအုပ် ခေတ်စမ်း ညီနောင်က ဟိုအရင်ကလို အမြဲမခွဲ တတွဲတွဲရှိနေပါ ကလား။

ထလော့မြန်မာ မြန်မာ ထလော့
အားမလျော့နှင့် မလျှော့ လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေတော့

ကျွန်တော်က ဆရာဇော်ဂျီ၏ တို့တိုင်းပြည် ကဗျာမှ ကဗျာ တစ်ပိုဒ်ကို ရွတ်ဆိုနေမိသည်။
သူ့ခေါင်းမှာတဲ့ သပြေညို ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်း ရယ်က
လန်းလျက်ပါကို
တစ်ဆက်တည်းပင် ဆရာ မင်းသုဝဏ်၏ သပြေညို ကဗျာလေးကို ရေရွတ်မိ ပြန်သည်။ တိုင်းပြည် အပေါ် မှာထားခဲ့သော ထိုဆရာ နှစ်ဦး၏ စေတနာ၊ မေတ္တာကား ဧရာဝတီ မြစ်ကြီးလို ဘယ်တော့မှ ခန်းခြောက်လိမ့်မည် မဟုတ်။ သူတို့၏ စာပေ ကဗျာတွေကလည်း သမိုင်း တစ်လျှောက် ဖြစ်ဧရာလို တသွင်သွင် စီးဆင်းနေမည် မုချဖြစ်သည်။

တောအုပ် အတွင်းသို့ ၀င်ခဲ့ကြရာ စမ်းချောင်းလေး တစ်ခု၏ နံဘေးသို့ ရောက်လာသည်။ တငြိမ့်ငြိမ့် စီးဆင်းနေသော စမ်းရေမှာ အလွန်ကြည် လင်လှသည်။ ဟိုးဝေးဝေးမှာ စမ်းရေ သောက်နေသော သမင်လေးများကို တွေ့ရသည်။

“ဒါ မောင်ချောနွယ် စမ်းချောင်းပေါ့။ ဟိုး ဇော်ဂျီ တောင်တန်းပေါ်က စတင်ပြီး ဒီ မင်းသုဝဏ် တောအုပ်ကို ဖြတ်စီးသွားတယ်”
စမ်းချောင်းဘေးမှာ လာရောက် အပန်းဖြေသူများ ထိုင်ရန် အတွက် ကွန်ကရစ် ခုန်ရှည်ကြီး ဆောက်လုပ်ထားသည်။ နီးစပ်ရာ ခုံရှည် တစ်ခုကို ကြည့်လိုက်ရာ ခုံ၏ ကျောမှီပေါ်တွင် မောင်ချောနွယ်၏ ကဗျာ တစ်ပုဒ် အင်္ဂလိပ်လို ရေးသားထားသည်ကို တွေ့ရသည်။
င်္ှုံ
FISH
I'd been fishing
Nearly my whole life.
I hadn't caught a single fish
Look!
What I'd caught was the universe.
As I pulled it up My fishing rod was bent. And Turned to a rainbow.
I was fished.
အလို ငါးကဗျာပါ လား။ ကျွန်တော်က ကဗျာ ကို မြန်မာလို ရေရွတ်နေမိ သည်။
ငါး
တစ်ဘ၀လုံးလိုလို မျှား နေခဲ့။
ငါးရယ်လို့ တစ်ကောင် တလေမှ မမိ
ကြည့်စမ်း။
မိမယ့်မိတော့ စကြာ ၀ဠာကြီး
အပေါ်ကို ဆွဲတင်လိုက်တော့
ငါ့ ငါးမျှားတံဟာ ကိုင်းညွတ်ပြီး
သက်တံဖြစ်သွား ငါ့ကို ပြန်မျှားခဲ့ပေါ့။

ကျွန်တော်က ချီလီ ကဗျာဆရာ ပါဘလိုနီရူဒါ၏“သစ်ခုတ်သမား နိုးကြားလော့” ကဗျာကို သတိရ လာပြန်သည်။ လာမယ့် ဆည်းဆာချိန်များ အတွက် ငြိမ်းချမ်းရေး၊ ၀ိုင်အရက်များ အတွက် ငြိမ်းချမ်းရေး၊ ပေါင်မုန့်နိုး ကြားချိန်ဖြစ်တဲ့ မြို့လယ်ခေါင် မနက်ခင်း အတွက် ငြိမ်းချမ်းရေး၊ လယ်ကွင်းတွေက မွေးဖွား လာတော့မယ့် ကောက်နှံတွေ အားလုံး အတွက် ငြိမ်းချမ်းရေး၊ မုန်တိုင်း မိနေတဲ့ ငှက်ငယ်တွေရဲ့ ငြိမ်းချမ်းရေး၊ မိခင်ရဲ့ပါး ပြင်ထက်က မျက်ရည်စက် အတွက် ငြိမ်းချမ်းရေး၊ လေကောင်းလေသန့်နဲ့ တူတဲ့ စာအုပ်တွေရဲ့ ငြိမ်းချမ်းရေး၊ ငါ့ ညီငယ်ရဲ့ ရှပ်အင်္ကျီ အတွက် ငြိမ်းချမ်းရေး၊ သေသူတို့ရဲ့ ပြာမှုန့်တွေအတွက် ငြိမ်းချမ်း ရေး၊ အသက်ရှင်နေသူအား လုံးအတွက် ငြိမ်းချမ်းရေး၊ အို စမ်းချောင်း ကဗျာဆရာ ငြိမ်း ချမ်းရေး အားလုံးအတွက် တေးဆို၍ စီးဆင်းပါလော့။

ထိုညက ဘားနက်ရှော ပြဇာတ်ရုံမှ ပြဇာတ် တစ်ပုဒ် ကြည့်ရသည်။ ပြဇာတ်က ပွက်ရှကင်၏ ပစ္စတိုပစ်ချက် (Ptstol Shot) ကျွန်တော်ဖတ် ဖူးပြီးသား ၀တ္ထုဖြစ်သော်လည်း ပြဇာတ် အနေနှင့် ကြည့်ရသော အခါ အလွန် သရုပ်ပါပြီး အရသာ ရှိလှသည်။ လူငယ်နှစ်ဦး ရည်းစားလုရာမှ ရန်ဖြစ်ပြီး အလှည့်ကျ သေနတ် ပစ်ရသည်။ ပထမ ပစ်ရသော လူက ဒုတိယ လူကို မှန်အောင် မပစ်နိုင်ခဲ့။ ဒုတိယ လူက သူပစ်ရမည့် တစ်ချက်ကို အကြွေး အဖြစ် သတ်မှတ် လိုက်သည်။ အကြောင်းမှာ ပထမလူက သေရမည်ကို မကြောက်၊ သေခြင်းကို မထေမဲ့မြင် ပြုနေသည်။ ချက်ကောင်းကို စောင့်နေရာ ထိုလူ မသေချင်သည့် ပူပူနွေးနွေး မိန်းမရခါစ အချိန်သို့ ရောက်လာသည်။ ပျားရည်ဆမ်း ခရီး ထွက်လာသော နေရာသို့ ဒုတိယလူက အကြွေး တစ်ချက် လာတောင်းသော ဇာတ်လမ်းဖြစ်သည်။ ဒုတိယ လူက ပထမ လူကို ငဲ့ညှာသော အားဖြင့် သေနတ်တစ် ချက်ထပ်မံ ပေးပစ်ပြန်သည်။ သို့သော် ပထမ တစ်ချက် နည်းတူ လွဲခဲ့သည်။ သူက စိတ်လှုပ်ရှား
နေတာကိုး။ ဒုတိယလူ ပစ်ရမည့်အလှည့်။ ထိုသူက မှန်အောင် ပစ်နိုင်သော်လည်း တမင် လွဲချော်ပစ် သွားခဲ့သည်။ ရန်သူတစ် ယောက်အပေါ် အကောင်းဆုံး ကလဲ့စား ချေနည်းမှာ ခွင့်လွှတ် ခြင်းမဟုတ်ပါလား။ ကမ္ဘာပေါ်မှာ ဒုတိယ လူလို လူတွေ များများ ရှိပါစေဟု ကျွန်တော် ဆုတောင်း နေမိသည်။

နောက်တစ်နေ့ မနက် ဆရာမာန်မြင့် ဖွင့်ပွဲ လုပ်ရမည့် ကမ်းခြေ ဟိုတယ်သို့ ကားနှင့် လာခဲ့ကြသည်။ ကြယ်ငါးပွင့် အဆင့်ရှိ ထိုဟိုတယ်ကြီးမှာ ကြီးကျယ် ခမ်းနားလှသည်။ ဖွင့်ပွဲမှာ အထူး စည်ကားပြီး ပင်လယ် ကမ်းခြေမှ ဒေသခံ ပြည်သူများက ဆရာမာန်မြင့်ကို တစ်ခဲနက် လက်ခုပ်သြဘာ ပေးကြသည်။ ဟိုတယ် လုပ်ငန်းရှင်များက ဆရာမာန်မြင့်
ကို လက်ဆောင် ပစ္စည်းများဖြင့် ဂုဏ်ပြုသည်။ ထိုမာန်မြင့် ကမ်းခြေ ဟိုတယ်မှာ ကျွန်တော် တို့ကို နေ့လယ်စာဖြင့် ဧည့်ခံသည့် ပင်လယ် အစားအစာ များမှာ အလွန် စားကောင်းလှသည်။ နေ့လယ်စာ စားပြီးနောက် ဟိုတယ် လုပ်ငန်းရှင် များကို နှုတ်ဆက်ပြီး ကျွန်တော်တို့ တည်းခိုရာ ရွှေဥဒေါင်း ဟိုတယ်သို့ ပြန်ခဲ့ ကြသည်။ မြန်မာပြည် ပြန်ရန် အတွက် ညနေ လေးနာရီ လေယာဉ် စီးရမည်။ ဟိုတယ် ဧည့်ခန်းတွင် လူတစ်ယောက် က ကျွန်တော်တို့ကို စောင့်ကြိုနေသည်။ သူ့ကိုယ်သူ ဒေးဗစ်ဘက်ခန်းဟု မိတ်ဆက်သည်။ ဘောလုံးသမား ဒေးဗစ်ဘက်ခန်းနှင့် နာမည်တူသော်လည်း သူ့ပုံစံမှာ ညှဉ်းသိုးသိုးနှင့် ညှိုးညှိုးနွမ်းနွမ်း ဖြစ်သည်။ သူက ကျွန်တော့်ကို “လူကြီးမင်း ကကော ဒီကနေ့ ဖွင့်ပွဲလုပ်တဲ့ ဒီက မစ္စတာ မာန်မြင့်လို စာရေး ဆရာ ဟုတ်ပါသလား” ဟု မေးလိုက်သည်။ ကျွန်တော်က “စာရေးဆရာ ဟုတ်ပါတယ်။ ဒါပေမယ့် အရေးမပါတဲ့ ဝေလေ လေ စာရေးဆရာပါ” ဟု ပြန်ဖြေသည်။ ကျွန်တော့် အဖြေကို ကြားသောအခါ သူ့ မျက်နှာ ၀င်းလက်သွားသည်။

“ဝေလေလေ စာရေး ဆရာလည်း ဖြစ်ပါတယ်။ လူကြီးမင်း ကျွန်တော့်ကို ကူညီပါ”

“ကျွန်တော် ဘာများကူညီရမလဲ”

“ဒီလိုပါ။ ကျွန်တော် အလုပ်လုပ်တဲ့ နေရာလေးကို နာမည် ပေးချင်လို့ပါ။ လူကြီးမင်းက စာရေး ဆရာဆိုတော့ လူကြီးမင်းရဲ့ နာမည်လေးကို အသုံးပြုချင်ပါတယ်”

“မစ္စတာဘက်ခန်း ဘာအလုပ်လုပ်တယ်ဆိုတာ သိပါရစေ”

သူက အိုးတိုးအမ်းတမ်းဖြင့်
“ကျွန်တော်က သုဘရာဇာ လုပ်ပါတယ်”

မျက်လုံးပြူးသွားပြီး ကျွန်တော်က
“ဒါဆို ခင်ဗျားအလုပ် လုပ်တဲ့နေရာက သုသာန်ပေါ့ ဟုတ်လား”

“ဟုတ်ပါတယ် ခင်ဗျာ”

“ဟေ့လူ ခင်ဗျား လာနောက် နေတာလား”

“မနောက်ပါဘူး ခင်ဗျာ တကယ် ပြောတာပါ။ လူကြီးမင်းတို့ မြန်မာပြည်က သုသာန်တွေမှာ နာမည်ရှိတယ် မဟုတ်လား”

“အင်း ရှိပါတယ်။ ရေဝေးသုသာန်၊ ကြာနီကန် သုသာန် စသဖြင့်ပေါ့”

“ဒီမှာတော့ သုသာန် နာမည်ကို ကြုံသလို မှည့်လို့ မရဘူး ခင်ဗျ။ စာရေးဆရာ တစ်ယောက်ရဲ့ နာမည်မှည့်မှ ဖြစ်နေတယ်”

“မမှည့်ဘဲ နေပါလားဗျ”

“ကိုယ်အလုပ် လုပ်တဲ့ နေရာလေးတော့လည်း သူများ နည်းတူ နာမည်လေး တစ်ခု ပေးချင်တာပေါ့ဗျာ။ လူသေလို့ အသုဘ ချတောင်မှ ဘယ်သုသာန်မှာ သင်္ဂြိုဟ်မှာလဲ ဆိုရင် နာမည် မရှိတော့ လိုက်ပို့ရတဲ့ လူတွေ တောင်သွားရမလို၊ မြောက်သွားရ မလို ခွကျတာပေါ့။ အဲဒါ စာရေးဆရာရဲ့နာမည်လေး ကျွန်တော်တို့ သုသာန်အတွက် ချီးမြှင့်စေချင်ပါတယ်”

မျက်နှာကြီး နီနေသော ကျွန်တော့်ကို ဆရာမာန်မြင့်က ပြုံးပြုံးကြီး ကြည့်နေသည်။ “ကိုယ့်လူတော့ ထီပေါက်ပြီ၊ ပွတာပဲ။ လက်လွတ် မခံနဲ့” ဟု ပြောပြီး ပစ္စည်းများ သိမ်းဆည်းရန် ဟိုတယ်ခန်း ဆီသို့ ထွက်သွားလေသည်။ ကျွန်တော်က ဒေးဗစ်ဘက်ခန်းကို ခေါင်းယမ်း ပြလိုက်ပြီး
“၀မ်းနည်းပါတယ် ခင်ဗျာ။ ကျွန်တော့်အနေနဲ့ သုသာန်ကို မင်္ဂလာ မရှိတဲ့ အမင်္ဂလာ နေရာ တစ်ခုလို့ ယူဆပါ တယ်။ ဒီလို အမင်္ဂလာနေရာ မျိုးမှာ ကျွန်တော့်နာမည်ကို အတပ် မခံနိုင်ပါဘူး။ လူကြီးမင်း ပြန်ပါတော့”

မျက်နှာငယ်လေးနှင့် သူက
“စဉ်းစားပါဦး စာရေး ဆရာရယ်။ တကယ်တော့ သုသာန်က အမင်္ဂလာ နေရာ မဟုတ်ပါဘူး။ အလွန် မင်္ဂလာ ရှိတဲ့ နေရာတစ်ခုပါ”

“ဘာဗျ၊ သုသာန်က အလွန် မင်္ဂလာရှိတဲ့ နေရာ ဟုတ်လား”

“ဟုတ်ပါတယ် ခင်ဗျာ၊ သုသာန်ဆိုတာ တစ်ချိန်ချိန်မှာ လူတိုင်း သွားရမယ့် နေရာပါ။ အမေရိကန်လည်း သွားရမယ်။ မြန်မာလည်း သွားရမယ်။ ဂျပန်လည်း သွားရမယ်။ ခရစ်ယာန်လည်း သွားရမယ်။ မွတ်စလင်လည်း သွားရမယ်။ ဗုဒ္ဓဘာသာလည်း သွားရမယ်။ မွေးကင်းစ ကလေးလည်း သွား ရမယ်။ သက်ကြီးရွယ်အို တွေလည်း သွားရမယ်။ ယောက်ျားလည်း သွားရမယ်။ မိန်းမလည်း သွားရမယ်။ လူမည်းလည်း သွားရမယ်။ လူဖြူလည်း သွားရမယ်။ ကျိကျိတက် ချမ်းသာတဲ့ ဘီလျှံနာလည်း သွားရမယ်။ ကုန်းကောက်စရာ မရှိတဲ့ လူမွဲတွေလည်း သွားရမယ်။ အမေရိကန်နဲ့ အင်္ဂလိပ် လို မိတ်ဆွေတွေလည်း သွားရမယ်။ အစ္စရေးနဲ့ ပါလက် စတိုင်းတွေလို ရန်သူတွေလည်း သွားရမယ်။ ဆရာတို့လို ပညာတတ်တဲ့ မဟာက၀ိ တွေလည်း သွားရမယ်။ ကျွန်တော်တို့လို နကန်း တစ်လုံး မသိတဲ့ ပညာမဲ့တွေလည်း သွားရမယ်”

“ဒီလို လူတိုင်း သွားရရုံ နဲ့ မင်္ဂလာ ရှိရော့လားဗျ”

“စာရေးဆရာ စဉ်းစားပါ ခင်ဗျာ။ ဒီကမ္ဘာကြီးရဲ့ နေရာတိုင်းမှာ ပဋိပက္ခတွေ၊ စစ်ပွဲတွေ၊ အကြမ်း ဖက်မှုတွေ၊ ဖိနှိပ် အနိုင်ကျင့်မှုတွေ၊ ရက်စက် ယုတ်မာမှုတွေ၊ လူမျိုး အသားအရောင် အဆင့် အတန်း ခွဲမှုတွေကို တွေ့နေရ ပါတယ်။ မနက်တိုင်း သတင်းစာ လှန်လိုက်ရင် ဒီအဖြစ်အပျက်တွေ အမြဲ တစေ ပါနေတယ် ဆိုတာ လူကြီးမင်း တွေ့ပါလိမ့်မယ်။ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ အသက်အရွယ် ပေါင်းစုံ၊ ယောက်ျား မိန်းမ ပေါင်းစုံ၊ လူဖြူ လူမည်း ပေါင်းစုံ၊ ချမ်းသာ ဆင်းရဲ ပေါင်းစုံ၊ မိတ်ဆွေ ရန်သူ ပေါင်းစုံ၊ ပညာရှိ ပညာမဲ့ ပေါင်းစုံ ဘာပဋိပက္ခ ဘာစစ်ပွဲမှ မရှိဘဲ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေနိုင်တဲ့ နေရာတစ်ခု ပဲရှိပါတယ်။ အဲဒါကတော့ သုသာန်ပါ”

“သုသာန် ဟုတ်လား”

“ဟုတ်ပါတယ်။ အသက် ရှင်ရတာ ဒုက္ခများ သလောက် သေခြင်း တရားက ငြိမ်းချမ်းပါတယ်။ ဒါကြောင့် သုသာန်ဟာ အလွန် မင်္ဂလာရှိတဲ့ နေရာလို့ ကျွန်တော် ပြောတာပေါ့။ နောက် လူကြီးမင်းလည်း သိတဲ့ အတိုင်း မြင့်မြတ်တဲ့ ဘ၀ တစ်ပါးကို ကူးပြောင်းဖို့ အတွက် ဒီသုသာန် ဆိုတဲ့ နေရာကို မဖြတ်ဘဲ မဖြစ်နိုင်ပါဘူး။ ဒီတော့ သုသာန် ဆိုတာ အမင်္ဂလာ ဆိုတဲ့ ရှေးရိုး အယူစွဲကို ဖျောက်ပြီး ကျွန်တော်တို့ရဲ့ မင်္ဂလာရှိတဲ့ သုသာန်လေး အတွက် လူကြီး မင်းရဲ့ နာမည်ကို ချီးမြှင့်ပေးဖို့ မေတ္တာ ရပ်ခံပါတယ်”

ပြောပြောဆိုဆို သူက အိပ်ကပ်ထဲမှ ငွေစက္ကူ အချို့ကို ထုတ်ယူလိုက်သည်။ ကျွန်တော့်ကို လက်ကမ်း လိုက်ပြီး “များတော့ မများဘူးပေါ့ ခင်ဗျာ။ ကျွန်တော်နဲ့ ကျွန်တော့် ငယ်သားတွေ တစ်လစာ ရတဲ့ ကျင်းတူးခပါ။ လူကြီးမင်းရဲ့ နာမည် အသုံးပြုခ အတွက် ပူဇော်တယ်လို့ သဘော ထားလိုက်ပါ”

ကျွန်တော်က ခါးခါး သီးသီး လက်ကာလိုက်ပြီး “၀မ်းနည်းပါတယ် မစ္စတာ ဘက်ခန်း။ ခင်ဗျား ပြောသလို သုသာန်ဟာ မင်္ဂလာ ရှိတဲ့ နေရာ ဖြစ်ဦးတော့ ကျွန်တော့် နာမည်ကို အဲဒီ နေရာအတွက် လုံးဝ အသုံး မခံနိုင်ပါဘူး”

“သုသာန်အတွက် နာမည်တစ်ခု ပေးလိုက်ရတာ ရှက်စရာ မဟုတ်ပါဘူး ခင်ဗျာ။ လူ့ကျင့်ဝတ် သိက္ခာ ဖောက်ဖျက်တဲ့ အလုပ်ကသာ ရှက်စရာပါ။ သုသာန် အတွက် နာမည် ပေးလိုက်ခြင်းဟာ အလွန် ရဲဝံ့တဲ့ အလုပ်ဖြစ်ပြီး တွေးကြည့်ရင် ဂုဏ်ယူစရာတောင် ကောင်းပါတယ်”

“ကျွန်တော် ဂုဏ်ယူ ချင်ပေမယ့် ကျွန်တော့် မိန်းမ ကတော့ ဂုဏ်ယူနိုင်မှာ မဟုတ်ဘူး ခင်ဗျ။ ကျွန်တော့် နာမည်ကို သုသာန် တစ်ခု အတွက် ပေးခဲ့တယ် ဆိုတဲ့ သတင်း သူကြားရင် မိုးမီး လောင်လိမ့်မယ်။ ကဲကဲ ခင်ဗျား ပြန်ပါတော့”

ဒေးဗစ်ဘက်ခန်းက စိတ်ပျက်လက်ပျက် ပြန်ရန် ပြင်သည်။ မပြန်ခင် သူက “စာရေးဆရာ၊ ကဗျာဆရာ တွေကို ကျွန်တော် အထင်ကြီးတယ်။ လေးလည်း လေးစား တယ်။ စာရေးဆရာ၊ ကဗျာ ဆရာ အများကြီးကို ကျွန်တော်တို့ သုသာန် အတွက် နာမည်ပေးဖို့ ကမ်းလှမ်းခဲ့ ဖူးတယ်။ သူတို့လည်း ခင်ဗျားလိုပဲ ကြောက်လန့်တကြား ငြင်းပယ် ခဲ့ကြတယ်။ ဘယ်လောက် အမြင် ကျယ်တဲ့ စာရေးဆရာ၊ ကဗျာ ဆရာပဲဖြစ်ဖြစ် သုသာန်လို့ ပြောလိုက်ရင် တီကောင်ကို ဆားနဲ့ တို့သလို တွန့်သွားကြတယ်။ အမှန်တရား အတွက် ရဲရင့်ပါတယ် ဆိုတဲ့ စာရေး ဆရာ၊ ကဗျာ ဆရာတွေဟာ သုသာန် တစ်ခု အတွက်တော့ လုံးလုံးကြီး သတ္တိ မရှိကြဘူး။ ပညာရှိကြီး ဆိုခရက်တီးလို အမှန်တရား အတွက် အဆိပ် သောက်ရဲတဲ့ စာရေးဆရာ၊ ကဗျာ ဆရာတွေဟာ သုသာန် တစ်ခု အတွက်တော့ သူတို့ နာမည်လေးကို အပွန်းအပဲ့ အထိအရှ မခံနိုင်ကြဘူး။

သုသာန် ဆိုတာ အမင်္ဂလာပါ ဆိုတဲ့ ဥခွံထဲက ရုန်းထွက် နိုင်တဲ့ သူရဲကောင်း တစ်ယောက် ပေါ်ထွက်လာ နိုးနိုးနဲ့ ကျွန်တော် မျှော်လင့်မိ သေးတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့မျှော်လင့်ချက်တွေဟာ အကြိမ်ကြိမ် သဲထဲရေသွန် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ စီတီဒဗလျူ မြို့သား တစ်ယောက်ပါ။ စာရေးဆရာ၊ ကဗျာ ဆရာတွေကို ချစ်ဆဲ၊ လေးစားဆဲပါ။ တစ်နေ့နေ့မှာ ကျွန်တော် တို့သုသာန်လေး အတွက် နာမည်တစ်လုံး စွန့်လွှတ် အနစ်နာခံမယ့် စာရေးဆရာ တစ်ယောက်ယောက် ရှိနေ လိမ့်မယ်လို့ ယုံကြည်နေတုန်း ပဲ”

သူက သက်ပြင်းတစ် ချက် ချလိုက်သည်။ ပြီးမှ
“အခုအချိန်မှာ ကျွန်တော် စဉ်းစား နေတာက ဆရာသာ ကျွန်တော်တို့ အမည်မဲ့ သုသာန်လေး အတွက် ဂုဏ်ယူစရာ သူရဲကောင်း ဖြစ်ခဲ့ရင် ဘယ် လောက်ကောင်းမလဲ ဆိုတဲ့ အချက်ပါပဲ။ ကျွန်တော့်ကို ငဲ့ညှာသော အားဖြင့် နောက်ဆုံး အနေနဲ့ ဆရာ စဉ်းစားပေး ပါဦး”

သူက အားကိုးတကြီး ကျွန်တော့်ကို ကြည့်နေပြန်သည်။ ကျွန်တော်က ခေါင်းယမ်းလိုက်ပြီး
“ခင်ဗျား လုပ်ငန်းက စာအုပ် အဟောင်း ရောင်းတဲ့ ဆိုင်ကလေး ဖြစ်ခဲ့ရင်တောင် ကျွန်တော့် နာမည်ကို အသုံး ပြုဖို့ ၀န်မလေးပါဘူး။ ဒါပေမယ့် အခုဟာက သုသာန် တစ်ခု ဖြစ်နေတယ်။ ခင်ဗျား ပြောသလို ခင်ဗျားတို့ သုသာန်ကို ကျွန်တော့် နာမည် ပေးလိုက်ပါပြီတဲ့။ မြန်မာနိုင်ငံက ကျွန်တော့် မိတ်ဆွေတွေ၊ စာရေးဆရာတွေ စီတီဒဗလျူကို လာလည်ကြမယ်ဗျာ။ မြို့တော် လမ်းညွှန် စာအုပ်မှာ သူတို့က ကျွန်တော့် နာမည်နဲ့ သုသာန်ကို တွေ့သွားကြမယ်။ “စီတီဒဗလျူမှာ ခင်ဗျား နာမည်နဲ့ နေရာကို တွေ့ခဲ့ရတယ်ဗျ။ ဒါ ပေမယ့် ကျွန်တော်တို့ သွားမလည်ခဲ့ ဘူး။ ဒီလို နေရာမျိုးကလည်း လည်ဖို့ ပတ်ဖို့ထက် တစ် သက်မှာ တစ်ခါပဲ သွားဖို့ ကောင်းတာ ကိုးဗျ” လို့ ပြုံးစိစိနဲ့ ကျွန်တော့်ကို ၀ိုင်းနောက်တဲ့ ဒဏ်ကို ကျွန်တော် ခံနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်က မည်ကာမတ္တ စာရေးဆရာ တစ်ယောက်ဆိုတာ ပြောခဲ့ ပြီးပါပြီ။ နောက် ခင်ဗျား မျှော်လင့်သလို ဂုဏ်ယူစရာ ကောင်းတဲ့ သူရဲကောင်း စာရေးဆရာ တစ်ယောက် မဟုတ်တာ ၀မ်းနည်းပါ တယ်”

ဒေးဗစ်ဘက်ခန်းက နီးစပ်ရာ ခုံတစ်ခုပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။
“ဘုရား ဘုရား အမှန် တရားကို မြတ်နိုးပြီး လောက ကောင်းကျိုးကို ဆောင်ရွက်မယ် ဆိုတဲ့ စာရေးဆရာတွေက နာမည် တစ်လုံးကျ တော် တော်နှမြောပါလား။ လောကကြီး အတွက် တော်တော် စိတ်မကောင်းစရာပဲ” မျက်နှာကို လက်ဝါးနှင့် အုပ်ရင်းက တတွတ်တွတ် ရေရွတ်နေသည်။ ထို့နောက် မတ်တတ် ရပ်လိုက်ပြီး လေးကန်သော ခြေလှမ်းများနှင့် တရွေ့ရွေ့ ကျောခိုင်း ထွက်ခွာသွားလေသည်။



နတ်မှူး